ဆေးရုံ၊ ဆေးခန်းများကို စစ်ကောင်စီက ပစ်မှတ်ထားတိုက်ခိုက်နေလို့ ရခိုင်ပြည်သူများ စိုးရိမ်မှုမြင့်တက်နေ

0
151
Photo – DMG

ရခိုင်ပြည်အတွင်းရှိ ဆေးရုံ၊ ဆေးပေးခန်းများကို စစ်ကောင်စီက လေကြောင်းနှင့် ပစ်မှတ်ထား တိုက်ခိုက်လာနေလို့ ဆေးရုံဝန်ထမ်း၊ လူနာနှင့် လူနာစောင့်များအပါအဝင် ဆေးကုသမှုခံယူလိုသူများသည် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုနှင့် ရင်ဆိုင်နေရပြီး စိုးရိမ်မှုများရှိနေကြောင်း ပြောဆိုကြသည်။

ဗုံးကြဲမှုနောက်ဆက်တွဲအဖြစ် ဆေးရုံဝန်ထမ်းများနှင့် ဆေးကုသမှု ခံယူနေရသည့်လူနာများမှာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုကြောင့် အချို့လူနာများသည် ဆေးရုံ၊ဆေးခန်းသို့ သွားရောက်ပြသရန်ကို စိုးရိမ်ကြောင့်ကြနေကြောင်း သိရသည်။

ကျောက်တော်ဒေသခံအမျိုးသမီးတစ်ဦးက “ဆေးရုံမှာ လူနာစောင့်နေရင်း ဗုံးစ အနားကိုလာစင်တယ်။ လူနာနဲ့ ဘေးလွတ်ရာကို ပြေးပုန်းရတယ်။ တချို့လူနာတွေမှာ ဆေးရုံကမှန်ကွဲစတွေ ထိတာတွေရှိတယ်။ နေမကောင်းလို့ ဆေးကုသခံယူဖို့လာတာမှာ အခုလိုကြုံရတော့ ဆေးရုံကိုထပ်မသွားရဲတော့ဘူး” ဟု ပြောသည်။

ဇန်နဝါရီ ၁၁ ရက်နေ့က ကျောက်တော်မြို့အား စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် ကျောက်တော်ဆေးရုံ လူနာဆောင်၊ ပြင်ပလူနာဌာန၊ ဆေးစတိုခန်းနှင့် ဝန်ထမ်းအိမ်ရာတိုက်ခန်းတို့ ပျက်စီးသွားခဲ့ပြီး လူနာတချို့နှင့် ဝန်ထမ်းတချို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

အလားတူ ဇန်နဝါရီ ၃ ရက်နေ့ကလည်း မြေပုံမြို့နယ်၊ ကမ်းထောင့်ကြီးမြို့ကို စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲခဲ့မှုကြောင့် ဆေးရုံနှင့် စာသင်ကျောင်းပျက်စီးသွားခဲ့ပြီး သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်။

“အခုက ဆေးရုံတွေမှာ လုပ်နေရတာက စိတ်ပိုင်းဆိုင်ရာလုံခြုံမှုက မရှိတော့ဘူး။ ဘယ်နေ့ လာပစ်မလဲဆိုတာ စိုးရိမ်နေရတယ်။ လေယာဉ်သံကြားရင် ကြောက်နေရတယ်။ လူနာတွေနဲ့ဆိုတော့ ပိုဆိုးတာပေါ့” ဟု ရခိုင်က ကျန်းမာရေးဝန်ထမ်းအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ဖက်ဆိုင်ရာနှင့် မသက်ဆိုင်သည့် အရပ်သားနေထိုင်ရာ အဆောက်အဦး၊ ဆေးရုံ၊ ဆေးခန်းများကို စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်နေခြင်းမှာ စိတ်ပိုင်းဆိုင်ရာကို ခြိမ်းခြောက်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုတရပ် ဖြစ်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူတို့က ပြောဆိုကြသည်။

“အခုချိန်မှာ စစ်ကောင်စီက ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာတွေဟာ လူသားမဆန်တဲ့၊ အကျင့်စရိုက်မဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်။ လူနာတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းတွေရဲ့ စိတ် လုံခြုံမှုကို ခြိမ်းခြောက်တာဖြစ်ပြီးတော့ ဆေးကုသမှုခံနေရင်း စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် အသက်ဆုံးရှုံးကြရ တာဟာ စစ်ရှုံးနေသူစစ်ကောင်စီရဲ့ ပြည်သူအပေါ် ရန်ငြိုးဖွဲ့ပြီး ရက်စက်ကြမ်းကြုတ်တဲ့ လူ့အခွင့်အရေးချိုးဖောက် တာပဲဖြစ်တယ်” ဟု ရခိုင်ကလူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

ရခိုင်တွင် တိုက်ပွဲကာလ တစ်နှစ်တာအတွင်း စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် မင်းပြား၊ မြောက်ဦး၊ သံတွဲ၊ မောင်တော၊ မြေပုံနှင့် ကျောက်တော်တို့မှ ဆေးရုံနှင့်ဆေးပေးခန်း ၁၂ ခုအထိ ပျက်စီးသွားကြောင်း AA က ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိတွင်လည်း စစ်ကောင်စီသည် အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် မြို့၊ ရွာများကို လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လုပ်ဆောင်လာနေသဖြင့် အရပ်သားသေဆုံးဒဏ်ရာရရှိမှု တိုးလာနေပြီး ဒေသခံများမှာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုနှင့် နေထိုင်နေကြရသည်။

ရခိုင်ပြည်တွင် ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၁၃ ရက်နေ့အထိ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၄၂ ဦး သေဆုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၅ ဦး ထက်မနည်း ရှိခဲ့သည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here