မကွေးတိုင်း၊ ဆောမြို့ ရင်းကဲကျေးရွာအနီး တိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ PDF ရဲဘော်တွေရဲ့ ခန္ဓာကိုယ်တွေကို စစ်ကောင်စီတပ်သားတွေက အပိုင်းပိုင်းခုတ်ဖြတ်သွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်နေ့က စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ ထိတွေ့မှု တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ ပ.က.ဖ ရဲဘော် ၃ ဦးနဲ့ PDF ရဲဘော် ၂ ဦးရဲ့ ရုပ်အလောင်းတွေကို အခုလိုလုပ်ခံခဲ့ရတာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ ခွေးကခွေးလိုပဲ ကျင့်ကြံတဲ့သဘောပါ။ တိုက်ပွဲဖြစ်ကတည်းက Deadbody လာကောက်မယ်ထင်ပြီး စောင့်ပြီးမှ လာမကောက်တော့ ဒီလိုမျိုး လုပ်သွားကြတာ။ လူအခွင့်အရေး တော်တော်ချိုးဖောက်တဲ့ကောင်တွေ၊ သေဆုံးပြီးသား ခန္ဓာကိုယ်အပေါ်မှာတောင် စည်းမရှိဘူး” လို့ ၎င်းက ပြောသည်။
ယင်းတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က ၂၀ ဦးထက်မနည်း သေဆုံးခဲ့တဲ့အတွက် ရင်းကဲကျေးရွာကို မီးရှို့ဖျက်ဆီးသည့်အပြင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့မှုဖြစ်ပွားခဲ့တဲ့ နေရာတဝိုက်ရှိ ရင်းကဲကျေးရွာ၊ ဆွဲလွဲကျင်းကျေးရွာနှင့် နတ်ကောင်းကျင်း ကျေးရွာများရှိ ဒေသခံရွာသား ၂၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်များကို ကူညီပေးသူများထံက သိရသည်။
ဇူလိုင်လ ၁၃ ရက်နေ့က ဆောမြို့နယ်ထဲကို စစ်ကြောင်းထိုးလာသည့် အင်အား ၁၂၀ ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ခုခံကာကွယ်တိုက်ခိုက်ရင်း တပ်ဖွဲ့ဝင် ၇ ဦး ကျဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
သံလွင်တိုင်းမ် ပေးပို့သည်။