ဆောမြို့နယ်၊ ကျောက်ထုတွင် စစ်ကောင်စီ ဒရုန်းတိုက်ခိုက်မှုကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံးမှုရှိနေ

0
123
Photo - Social Media

မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုတွင် စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများဆီ ဦးတည်ပြီး နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့်တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးထိခိုက်ဒဏ်ရာရမှုရှိနေသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် စစ်ကောင်စီ၏ ကျောက်ထုအမြောက်တပ် အမတ ၃၆၈ ကနေ အနီးဝန်းကျင်ရွာများကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

“သူတို့ (ဒေသခံရွာသားများ) ကို အကြောင်းကြားထားတယ်။ သူတို့က ဒီနေ့နောက်ဆုံးထားပြီး စပါးသိမ်းပေးပါလို့ ပြောပြီးမှ သိမ်းတဲ့အချိန် ဒီလိုလုပ်တာဟာ အမတ ၃၆၈ ရဲ့ ယုတ်မာမှုဖြစ်ပါတယ်။ ပြည်သူကို ခြိမ်းခြောက်တာလည်းဖြစ်ပါတယ်” ဟု ယောအလင်းတန်းအဖွဲ့မှ ကိုအောင်ကြီးက ပြောသည်။

အလားတူ ဒီဇင်ဘာ ၁၁ ရက်နေ့တွင်လည်း ကျောက်ထု အမတ ၃၆၈ မှ ကံကြီးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့သည့်အတွက် အသက် ၇၀ အရွယ် အမျိုးသမီး ၁ ဦးနှင့် သက်လတ်ပိုင်း အမျိုးသား ၁ ဦးတို့ ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးမှာ စိုးရိမ်ရကြောင်း သိရသည်။

ဒေသခံပြည်သူများက စပါးရိုက် (ခြွေလှေ့) ရန်အတွက် အမတ ၃၆၈ ကို ခွင့်ပြုချက်တောင်းခဲ့ကြသော်လည်း ဒီဇင်ဘာ ၁၀ ရက်တွင် စပါးရိုက်စင်တည့်တည့်ကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဒေသခံတို့က ပြောဆိုသည်။

ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ၎င်းတို့အထဲမှ တစ်ဦးမှာ ထိခိုက်ဒဏ်ရာ ပြင်းထန်မှုကြောင့် သွေးထွက်လွန်သေဆုံးခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရဆဲဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုများသည် ဒီဇင်ဘာလ ပထမပတ်အတွင်းက ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့မှုဖြစ်ပွားပြီးနောက် ကျောက်ထုအမြောက်တပ် ပတ်ပတ်လည်ရှိ သံသယရှိသောနေရာများကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသခံများက ယူဆပြောဆိုကြသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here