သျှမ်းပြည်မြောက်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် ထော်လဂျီရှိသည့် နေအိမ်များထံမှ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ရိက္ခာအတွက်ဟုဆိုပြီး တစ်စီးလျှင် ကျပ်ငွေ ၁ သိန်း သတ်မှတ်ကောက်ခံနေကြောင်း ဒေသခံတို့ထံက သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၄ ရက်တွင် PNLO မှ ရိက္ခာထောက်ပံ့ရန်ဟု ဆိုပြီး ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာပေါင်း ၂၀ ခန့်မှ ရွာသူကြီးထံသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်းနှင့် ထော်လာဂျီရှိသည့် နေအိမ်ကို တစ်စီးလျှင် ကျပ်ငွေ ၁ သိန်းနှင့် အိမ်စီးကား၊ လယ်ထွန်စက်ရှိသည့် နေအိမ်ကို တစ်စီးလျှင် ကျပ်ငွေ ၂ သိန်း ကောက်ခံမည်ဟု အိမ်တိုင်ရာရောက် အကြောင်းကြားခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ရိက္ခာထောက်ပံ့ရေးကို ရက်ချိန်းဖြင့် ၁၀ ရက်အတွင်း ပေးဆောင်ရမည်ဖြစ်ပြီး ပေးဆောင်ရန်အတွက် ဒေသခံများက အခက်အခဲရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
“အခက်ခဲတော့ ရှိတာပေါ့ဗျာ။ ဒီချိန်ကျတော့ တောင်ယာဝင်တဲ့အချိန် ပိုက်ဆံကျတော့ အခက်ခဲရှိတယ်။ ထော်လာဂျီကို ၁ သိန်း၊ ကားကို ၂ သိန်း ကောက်တယ်။ ထွန်စက်ရှိတဲ့ အိမ်တွေလည်း ၂ သိန်းကောက်တယ်” ဟု အဆိုပါဒေသခံက ပြောသည်။
အလားတူ ထော်လာဂျီ၊ ကား၊ လယ်ထွန်စက် မရှိသည့် နေအိမ်ကိုလည်း ၆ လစာ ရိက္ခာအတွက်ဆိုပြီး တစ်မိသားစုကို ဆန် ၁၆ ပြည် ပေးဆောင်ရန် ထပ်မံအကြောင်းခဲ့ကြောင်း သိရသည်။
လက်ရှိ ရိက္ခာထောက်ပံ့ရေးအတွက် ဒေသခံများထံ ပိုက်ဆံကောက်ခံခြင်းနှင့် ပတ်သက်ပြီး ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဉက္ကာကို ဆက်သွယ်ခဲ့ရာ PNLO သည် မောက်မယ်မြို့နယ်အတွင်းသာ လှုပ်ရှားမှုရှိကြောင်း ပြောဆိုထားသည်။
“ဆီဆိုင်ဖက်မှာတော့ တကယ်တော့ PNO/ PNA နယ်မြေတွေပါ။ ကျနော်တို့ လူတွေလည်း သိပ်မသွားပါဘူး။ ကျနော်တို့က ပွန်ချောင်း အရှေ့ဘက် မောက်မယ်မြို့နယ်မှာဘဲ အုပ်ချုပ်တာပါ။ ဒီဖက်မှာ PNO အုပ်ချုပ်တဲ့ နယ်မြေဆိုတော့ အောက်ခြေတပ်သားတွေက နားလည်မှုလွဲသလား (သို့) ဗဟို အမိန့်မရဘဲနဲ့ အောက်ခြေ တပ်တွေက အခွန်ဝင်ကောက်တာလားတော့ မသိဘူး။ ဒါကြောင့် ရွာသားတွေ တိုင်လာတာတွေ့တယ်” ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ ရိက္ခာထောက်ပံ့ရေးအတွက် အကြောင်းကြားခံရသည့် ကျေးရွာများသည် နောင်စံ၊ နောင်ကျော၊ နောင်ပို၊ နောင်ငို စသည်ဖြင့် ကျေးရွာပေါင်း ၂၀ ခန့်ရှိကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီလတွင်လည်း ဆီဆိုင်မြို့နယ်ရှိ ဒေသခံများထံ PNO မှ ကျည်ဆံဖိုးအတွက် ဆိုပြီး ကားရှိနေသည့် နေအိမ်ကို ကားဘီး ၁ ဘီးလျှင် ၁ သိန်းကျပ် ဆို၍ သတ်မှတ် ကောက်ခံခဲ့ဖူးသလို လက်ရှိ ဇူလိုင် ပထမအတွင်းမှာလည်း သေနတ်ဝယ်ဖို့အတွက် တစ်အိမ် ကျပ် ၅ သောင်း ကောက်ခံနေကြောင်းလည်း သိရသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။