ဆီဆိုင်တွင် စစ်ဘေးဒဏ်အများဆုံးခံရသည့် ရပ်ကွက်များက စစ်မှုထမ်းအများဆုံးတောင်းခံနေရ

0
137
ပုံစာ - စစ်ဘေးဒဏ်ကြောင့်ပျက်စီးနေသည့် ဆီဆိုင်မြို့တွင်းတနေရာ (ပုံဟောင်းဖြစ်သည်)

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့တွင် စစ်ဘေးဒဏ်အများဆုံးခံရသည့် ရပ်ကွက်မှ စစ်မှုထမ်း ၁၀ ဦး မဲပေါက်သည်ဟုဆိုကာ စစ်မှုထမ်းအများဆုံးတောင်းခံနေရသည်ဟု ဆီဆိုင်ဒေသခံများက ပြောသည်။

ဆီဆိုင်မြို့တွင် စစ်ကောင်စီက စက်တင်ဘာလ ဒုတိယအပတ်အတွင်း၌ပင် ကျန်သည့်ရပ်ကွက်များကို မဲနှိုက်ခွင့်မပြုဘဲ စစ်ဘေးဒဏ်အများဆုံးခံခဲ့ရသည့် မြကန်သာရပ်ကွက်တစ်ခုတည်းတွင် ၁၀ ဦးအထိ မဲဖောက်ခဲ့ခြင်းဖြစ်သည်ဟု ဆီဆိုင်ဒေသခံများက ပြောသည်။

စစ်မှုထမ်းမဲပေါက်သည့်မိသားစုဝင်တစ်ဦးက “စစ်မှုထမ်းရမယ်ဆိုတော့ ပြန်လို့တောင်မှ မရသေးတာလေ။ ဘယ်လိုအတွေးနဲ့များ ခေါ်ရက်တာလဲပေါ့နော်။ ရှေ့လကပဲ PNO က လာခေါ်သွားတာလေ။ အခုက ဗမာစစ်တပ်ဆိုတော့ ကျမတို့ပအိုဝ်းတွေဘဝလည်း ဘယ်သူ့အားကိုးရမလဲမသိ။ သေမှာသေချာနေတဲ့လမ်း ဘယ်မိဘက လွှတ်ရက်မလဲ” ဟု ပြောသည်။

မြကန်သာရပ်ကွက်သည် ဆီဆိုင်မြို့ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ ၄၂၄) နှင့် ကပ်လျက်တွင်ရှိပြီး မြို့တွင်းတိုက်ပွဲ ၂ ကြိမ်လုံး၌ မကြာခဏ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးကျရောက်မှုများကြောင့် ရပ်ကွက်တွင်းနေထိုင်သူတို့သည် လက်တလောတွင် ဘေးလွတ်ရာနေရာတွင် တိမ်းရှောင်နေကြသည်။

ထို့အပြင် လက်ရှိတွင်လည်း ရပ်ကွက်နေပြည်သူများမှာ နေရပ်ပြန်ရန်ပင် လမ်းစရိတ်ခက်ခဲနေကြပြီး လူစားထိုးငှားရမ်းရန်အတွက်လည်း အဆင်မပြေကြကြောင်း ပြောဆိုကြသည်။

ပအိုဝ်းပြည်သူ့စစ် (PNA) နှင့် နီးစပ်သည့် ဆီဆိုင်ဒေသခံတစ်ဦးက “မြကန်သာရပ်ကွက်က နေ့စားလိုက်ကြတာများတယ်။ မှိုချိုး၊ မျှစ်ချိုး၊ ပန်းရံလုပ်ကြတာ။ သူဌေးမှမရှိတာ ပိုက်ဆံ မထည့်နိုင်လောက်ဘူး။ နယ်မြေ ၅ ဆိုရင် စစ်တပ်နဲ့ PNO က သူတို့မြေတွေ သိမ်းထားတာ” ဟု ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ဒုတိယအပတ်ကလည်း PNA တပ်ဖွဲ့ဝင်များက မြကန်သာရပ်ကွက်ရှိ စိတ်ဝေဒနာရှင်တစ်ဦးအား PDF ဟု စွပ်စွဲ၍ ပစ်သတ်ရန် ကြိုးစားခဲ့ဖူးပြီး ထိုလူငယ်သည် PNA လူကြီးနှင့် ဆွေမျိုးတော်စပ်နေရာ လျှော့ပေါ့သည့်အနေဖြင့် စစ်မှုထမ်းသာခေါ်ယူခဲ့သည်ဟု အဆိုပါနီးစပ်သူက ပြောသည်။

ထို့အပြင် မြကန်သာရပ်ကွက်ရှိ အိမ်ထောင်စုအားလုံးသည် ဩဂုတ်လ တစ်လတာလုံး PNA အား နေ့စဉ်နေ့တိုင်း ထမင်းထုပ်များ ပို့ပေးခဲ့ရသေးသည်ဟုလည်း ရပ်ကွက်နေပြည်သူများက ပြောသည်။

မြန်မာနိုင်ငံ၌ ရန်ကုန်နှင့် ဧရာဝတီတိုင်းမှအပ ကျန်ပြည်နယ်နှင့်တိုင်းများတွင် ရေဘေးနှင့် စစ်ဘေး နှစ်မျိုးအနက် အများစုသည် ဘေးဒုက္ခတမျိုးမျိုးနှင့် ရင်ဆိုင်နေရပြီး ဆီဆိုင်မြို့နယ်တွင်မူ ရေဘေးနှင့် စစ်ဘေး ၂ မျိုးလုံးနှင့် ကြုံတွေ့နေရပြီး အကူအညီများလည်း ပိုမိုလိုအပ်လျက်ရှိနေကြသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here