ဆီဆိုင်စစ်ရှောင်အမျိုးသမီးတစ်ဦး စစ်ကောင်စီစစ်သား အဓမ္မကျင့်ရန်ကြိုးပမ်းမှုမှ လွတ်မြောက်

0
127

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်ဒေသဘက် တောတွင်းတနေရာ၌ စစ်ကောင်စီတပ်၏ ခြိမ်းခြောက်အဓမ္မပြုကျင့်ရန် ကြံစည်မှုမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး လုံခြုံသည့် နေရာတစ်နေရာတွင် ခိုလှုံခွင့်ရရေး လိုအပ်နေသည်။

ဆီဆိုင်မြို့နယ်၊ တောတွင်းတစ်နေရာတွင် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်က သေနတ်ပစ်ဖောက်ခြိမ်းခြောက်ပြီး အဓမ္မပြုကျင့်ရန် ကြိုးစားအားထုတ်ခဲ့သည်ဟု စစ်ဘေးရှောင်ကူညီရေး အဖွဲ့အစည်း တာဝန်ရှိသူများက ပြောသည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၄ ရက်နေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်ခံရသည့် အမျိုးသမီး၏ လုံခြုံရေးကြောင့် ဘေးကင်းသော နေရာရောက်မှ နီးစပ်သူများကို အသိပေးခွင့်ရခဲ့ခြင်းဖြစ်သည်ဟု ကူညီပေးနေသူတစ်ဦးက ပြောသည်။

“အဲဒီအမျိုးသမီးကို သေနတ်ချိန်ပြီးတော့ တဲပေါ်ကို တက်ခိုင်းတာပေါ့နော်။ တဲပေါ်ရောက်တဲ့အခါမှာ တဲပေါ်မှာက တခြားနေမကောင်းတဲ့လူတွေလည်း ရှိတယ်ပေါ့။ အဲဒီလူတွေကိုတော့ စကစတပ်သားက သေနတ်နဲ့ချိန်ပြီးတော့ အကုန်လုံး ထွက်ခိုင်းတာပေါ့နော်။ အဲဒီအချိန်မှာပဲ အဲဒီအမျိုးသမီးက ထွက်ပြေးသွားတာပေါ့။ အဲဒီ စစ်ကောင်စီတပ်သားက တဲပေါ်မှာရှိတဲ့ တခြားသူတွေကို မောင်းထုတ်အော်ဟစ် ကြိမ်းမောင်းနေတဲ့အချိန် အဲဒီအမျိုးသမီးက ထွက်ပြေးလွတ်မြောက်သွားတာပေါ့နော်။ ဖိနပ်တောင် မပါတော့ဘူး ထွက်ပြေးတာ”

ကျူးလွန်သူက ဆီဆိုင်မြို့၊ အခြေစိုက် ခြေမြန်တပ်ရင်း (ခမရ – ၄၂၃) က တပ်သား ညီညီနိုင် ဆိုသူဖြစ်ပြီး ၎င်းက မူးယစ်ဆေး ပုံမှန်သုံးစွဲသူတစ်ဦးဖြစ်ကြောင်း ထွတ်ပြေးလွတ်မြောက်လာသည့် အမျိုးသမီးက ၎င်းအား ကူညီပေးနေသူများကို ပြောပြသည်။

လတ်တလောတွင် လွတ်မြောက်လာသူ အမျိုးသမီးကို စစ်ကောင်စီတပ်ဘက်က လိုက်လံရှာဖွေနေသောကြောင့် ယာယီခိုလှုံရန်အတွက် ဘေးကင်းလုံခြုံသော နေရာတစ်ခု လိုအပ်နေသည်ဟု ဆိုသည်။

အကူအညီပေးနေသူက “အဲ့ဒီအမျိုးသမီးက အဲ့ဒီတဲကို ပြန်မသွားတော့ဘူးလေနော် ထွက်ပြေးသွားတာ။ လူက ဘာမှမဖြစ်ဘူး လွတ်မြောက်လာတယ်ဆိုပေမယ့် စိတ်ဒဏ်ရာတော့ တော်တော်ကြီးကြီးမားမား ဖြစ်သွားတာပေါ့လေ။ အဲဒီအမျိုးသမီးကတော့ ကြောက်နေရတာပေါ့။ အဲဒီ စစ်ကောင်စီတပ်သားနဲ့ ပြန်တွေ့ရင် သူ အသတ်ခံရမလား အဲလိုမျိုးတွေ စိုးရိမ်ကြောက်ရွံ့မှု ဖြစ်နေတယ်လေနော်” ဟု ပြောသည်။

ဆီဆိုင်တိုက်ပွဲစတင်သည့် ဇန်နဝါရီလ နောက်ဆုံးအပတ်ကစပြီး ဧပြီလ ၁၅ ရက်နေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်း၌ စစ်ဘေးရှောင်ဦးရေ ခုနှစ်သောင်းကျော်ရှိနေပြီး အများစုက စားဝတ်နေရေး အကူအညီများ လိုအပ်နေကြသည်ဟု ပအိုဝ်းလူငယ်အစည်းအရုံး (PYO) က ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ဘေးရှောင်ဦးရေ ခုနှစ်သောင်းအနက် အချို့က တောတောင်များထဲ စစ်ဘေးရှောင်နေရပြီး အမျိုးသမီးများကို စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့တို့က လူအခွင့်အရေးချိုးဖောက်သည့် လုပ်ရပ်မျိုးများ ကျူးလွန်ခြင်းများ ရှိနေသည်ဟု စစ်ဘေးရှောင်အချို့က ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here