ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါး မြို့နယ်တွင် စစ်ကောင်စီတပ်များက ဆန်နှင့်ဈေးဆိုင်တင်ရောင်းရန် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် လိုင်စင်မဲ့ဆိုင်ကယ် ကယ်ရီများအား ဖမ်းဆီးထိန်းသိမ်းနေကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီ၏ ဖမ်းဆီးမှုခံလိုက်ရသော ဆိုင်ကယ်အစီးရေ နှစ်ဆယ် စီးထက်မနည်းရှိနေပြီး အများအားဖြင့် ဆန်နှင့်ဈေးပစ္စည်းများ တင်ဆောင်လာမှုကြောင့် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သလို ရိုက်နှက်ခံထားရသူများ ရှိကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
“အဓိကက ဆန်တင်တဲ့ ဆိုင်ကယ်တွေကို ဖမ်းတာပါ။ ပြီးတော့ ပစ္စည်းတွေရော ဆိုင်ကယ်ရော သိမ်းတယ်။ လိုင်စင်ရှိတဲ့သူကိုတော့ ပြန်လွှတ်ပေးလိုက်တယ်၊ ကျန်တဲ့သူတွေကတော့ ငွေနဲ့လိုက်ရွေးတာတောင် မရဘူးလို့ ပြောတယ်။ ဖမ်းခံလိုက်ရတဲ့သူတွေထဲက လေးယောက်ကို ရိုက်နှက်ထားတာလည်း မျက်နှာတွေက ဖူးယောင်နေတာပဲ” ဟု ၎င်းက ပြောသည်။
လက်ရှိအချိန်ထိ သမင်အင်းကုန်းရွာမှ ကျောက်တံခါးမြို့သို့ သွားရာလမ်းတွင် စစ်ကောင်စီ၏ တားမြစ်ဖမ်းဆီးမှု ခံကြရသည်ဟု ဒေသခံများက ဆိုသည်။ အဆိုပါနယ်မြေ အတွင်းရှိ ဒေသခံအများစုမှာ လိုင်စင်မဲ့ ဆိုင်ကယ်များသာ မောင်းနှင်ကြသူများကြသည်ဟု သိရသည်။
စစ်ကောင်စီက ကြိုတင်အသိပေး ကြေညာခြင်း မရှိဘဲ ရှောင်တခင် ပိတ်ဆို့ဖမ်းဆီးလာသဖြင့် အများအပြား အဖမ်းခံလိုက်ရခြင်း ဖြစ်သလို ဆိုင်ကယ်မောင်းနှင်သူများကိုလည်း လိုင်စင်မဲ့မောင်းနှင်မှု ဥပဒေဖြင့် တစ်လအချုပ်ကျခံရမည် ဖြစ်ကြောင်း စစ်ကောင်စီနှင့် နီးစပ်ရာအသိုင်းအဝိုင်းမှပြောဆိုမှုအရ သိရသည်။
ဒေသခံအမျိုးသားတစ်ဦးက “ဖမ်းခံရတဲ့သူတွေကို နယ်မြေရဲစခန်းကို ခေါ်သွားတယ်လို့ ပြောတယ်။ ပြန်လွှတ်/မလွှတ်တော့ ကျနော်တို့ သေချာမသိရသေးဘူး။ ဖမ်းခံရတာလည်း ဆယ်ဂဏန်းရှိတယ်” ဟု ၎င်းကအတည်ပြု ပြောဆိုသည်။
ထို့အတူ ကျောက်ကြီးနှင့် မုန်းဘက်တွင်လည်း စစ်ကောင်စီက ဆန်နှင့်ဆေးဝါး သယ်ဆောင်ခွင့်အား ဆက်လက် ပိတ်ဆို့ကန့်သတ်ထားဆဲဖြစ်သည့်အတွက် ဒေသခံများအနေဖြင့် ဆန်ဝယ်ယူရာတွင် အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရကြောင်း ဒေသခံတို့က ပြောသည်။
နယ်မြေမတည်ငြိမ်မှုနှင့် တိုက်ပွဲများကြောင့် ကုန်စည်စီးဆင်းမှု ခက်ခဲ၍ ကုန်ဈေးနှုန်းကြီးမြင့်လာပြီး ဒေသခံများအပြင် စစ်ဘေးရှောင် ကူညီနေသူများပါ ဆန်နှင့်ဆေးဝါး ဝယ်ယူမှုတွင် အခက်အခဲများစွာ ရှိလာကြောင်း စစ်ရှောင်ကူညီပေးသူများက ပြောသည်။
အလားတူ ပြီးခဲ့သည့် လပိုင်းကလည်း စစ်တောင်းမြစ် အရှေ့ဘက်ကမ်းတွင် ဆန်သယ်ဆောင်လာသော မော်တော်ယာဉ်များကို စစ်ကောင်စီက စစ်ဆေးမှုများ ပြုလုပ်ရာတွင် ကန့်သတ်ပမာဏထက် ပိုတင်ဆောင် လာသော ဆန်အိတ်များအား သိမ်းယူခြင်း၊ ငွေပေး၍ ပြန်လာရွေးခိုင်းခြင်းများပါ တွေ့ကြုံရကြောင်း ဒေသခံများက ပြောသည်။
ကေအိုင်စီ ပေးပို့သည်။