ဆက်သွယ်ရေးလိုင်းပြတ်နေသည့် ရခိုင်ဒေသတွင် သတင်းအမှားများကြီးစိုးနေ

0
119

ရခိုင်က မြို့နယ်အားလုံးတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ လုံးဝပြတ်တောက်နေသောကြောင့် ဒေသအတွင်း တဆင့်ခံစကားများတွင် သတင်းမှားများ ပျံနှံ့နေမှုများပြားနေပြီး ပြည်သူများအကြား စိုးရိမ်စရာ ဖြစ်လာနေသည် ဟုဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်နေ့က စပြီး ရခိုင်တပြည်နယ်လုံး အတိုင်းအတာဖြင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားခဲ့ပြီးနောက် လက်ရှိတွင် လုံခြုံရေးအခြေအနေ၊ လေကြောင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး သတင်းမှားများ ပျံနှံ့နေခြင်းဖြစ်သည်။

“အခုလို တိုက်ပွဲကာလမှာ သတင်းမှန်တွေမရတာက ကျမတို့အတွက် အရမ်းစိုးရိမ်ရတယ်။ တဆင့်စကား တစ်ယောက်နားဆိုသလို သတင်းမှားတွေလည်း ပိုပြီးပျံလာတယ်။ ဟိုတနေ့ကလည်း (ကျောက်တော်မြို့နယ်) ကန်စောက်မှာ ဗုံးကြဲတယ်၊ လူဘယ်လောက်သေတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ မြေပြင်မှာ ဖြစ်ခဲ့တာမရှိဘူး” ဟု ကျောက်တော်မြို့နယ်က အမျိုးသမီးတစ်ဦးက ပြောသည်။

ရခိုင်တွင် တတိယအကြိမ် တကျော့ပြန်တိုက်ပွဲစသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှစပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့သော်လည်း ဒေသအချို့တွင် နေရာကွက်ကျား ဖုန်းလိုင်းဆက်သွယ်မှု ရရှိခဲ့သည်။

လက်ရှိတွင် ဆက်သွယ်ရေးလိုင်းများအားလုံး ပြတ်တောက်နေမှုကြောင့် တိုက်ပွဲသတင်း၊ လေကြောင်း ပစ်ခတ်ခံရမှုစသည့် သတင်းအချက်အလက်များကို ပြည်သူများအနေဖြင့် အချိန်နှင့် တပြေးညီသိရှိရန် ခက်ခဲနေခြင်းဖြစ်သည်။

ယင်းအပြင် ဒေသအတွင်း ထူးခြားသတင်းအကြောင်းအရာများနှင့် ပတ်သက်ပြီး အခြားလူများသိရှိနိုင် သတင်းပေးပို့ရာတွင်လည်း အခက်အခဲများ ရှိနေကြသည်။

ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်မှု အကျိုးဆက်အဖြစ် စစ်မက်ဖြစ်ပွားရာ ရခိုင်က မြို့နယ်များတွင် လုံခြုံရေးအန္တရာယ်နှင့် လေကြောင်းအန္တရာယ်တို့အတွက် ပိုပြီးစိုးရိမ်စရာဖြစ်လာနိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ပြောသည်။

“ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားတော့ လေကြောင်းတိုက်ခိုက်တာမျိုးတွေကို သတင်းရတာတွေ မရှိတဲ့အတွက် ရုတ်တရက် လေယာဉ်ရောက်လာမှ တိုက်ခိုက်ခံရမယ်ဆိုတာ သိရတဲ့အတွက် တိမ်းရှောင်ဖို့၊ ပုန်းအောင်းဖို့ အခက်အခဲတွေ ကြုံတွေ့ရတယ်။ ပြီးတော့ အရပ်သားတွေပိုပြီး ထိခိုက်တာကို တွေ့ရပါတယ်” ဟု ညဏ်လင်းသစ်သုတေသနအဖွဲ့မှ နိုင်ငံရေးနှင့် သုတေသနအကြံပေး ကိုမိုးထက်နေက ပြောဆိုသည်။

လတ်တလော၌ ရခိုင်ဒေသအတွင်း တဆင့်စကားများအရ ယခုရက်ပိုင်းတွင် “စစ်ကောင်စီက လေယာဉ်ဖြင့် AA ထိန်းချုပ်မြို့များအားလုံးကို ဗုံးကြဲတော့မည်၊ စစ်တွေကနေပြီး စစ်ကောင်စီတပ်သားများ စစ်ချီလာပြီ” စသဖြင့် ဒေသတွင်း ကောလာဟလသတင်းများ ပျံ့နှံ့နေသည်ဟု ဆိုသည်။

ရခိုင်ဒေသခံ ပရဟိတသမားကိုဝေဟင်အောင်က “ဖုန်းလိုင်း အင်တာနက်လိုင်း ပြတ်တာနဲ့ တပြိုင်နက်တည်း ကောလဟာလတစ်ခုဖြန့်ပြီး လူတွေကို အကြောက်တရားသွင်းနေကြတယ်” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

နိုင်ငံတစ်ဝန်းစစ်မျက်နှာတွင် အရှုံးနှင့်ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ဖုန်းလိုင်း၊ အင်းတာနက်လိုင်းများကို ဖြတ်တောက်ကာ အရပ်သားများကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း လူ့အခွင့်ရေးလှုပ်ရှားသူများက ပြောဆိုကြသည်။

ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်သွားမှုကြောင့် ငွေလွှဲလုပ်ငန်းများလည်း ရပ်တန့်နေပြီး လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့် ကဏ္ဍပေါင်းစုံတွင် ထိခိုက်နစ်နာမှုများကို ရခိုင်ဒေသခံများ ကြုံတွေ့နေရသည်။

ရခိုင်ပြည်တွင် မြို့နယ် ၁၇ ခု ရှိသည့်အနက် လက်ရှိတိုက်ပွဲကာလတွင် အာရက္ခတပ်တော် (AA) က မြို့နယ် ၁၀ ခုကို သိမ်းပိုက်ထားပြီး ကျန်ရှိနေသည့်မြို့နယ်များကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေ၍ တိုက်ပွဲများလည်း ပြင်းထန် နေသည်။

အောင်ထိန် (DMG) ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here