စေတုတ္တရာတွင် စစ်ကောင်စီတပ်က ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးယူဆောင်သွား

0
142
Photo - ပွင့်ဖြူ ပကဖ

မကွေးတိုင်း စေတုတ္တရာမြို့နယ်ရှိ ဝန်လိုကျေးရွာနှင့် ခိုနန်းကျေးရွာတို့မှ ပြည်သူပိုင်ပစ္စည်းများကို စစ်ကောင်စီတပ်က ဖျက်ဆီးသွားပြီး တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံများကပြောသည်။

ဒေသခံတစ်ဦးက “ဒါတွေက မျှော်လင့်ထားပြီးသားပါ။ စုဆောင်းထားတာတွေ ပါသွားတော့ ဝမ်းနည်းမိတာပေါ့။ ဒါပေမဲ့ စကစကျရှုံးဖို့ သိပ်မလိုတော့တဲ့အတွက် စိတ်ဓာတ်ကျနေမှာတော့ မဟုတ်ဘူး။ ဒီကောင်တွေ အမြန်ကျရှုံးဖို့ ဆုတောင်းတယ်” ဟု ပြောသည်။

ဝန်လိုကျေးရွာနှင့် ခိုနန်းကျေးရွာကို စစ်ကောင်စီတပ်က ပြီးခဲ့သည့် သြဂုတ် ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး လက်ရှိ၌ တပ်ပြန်ဆုတ်သွားပြီဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်း ဆုတ်ခွာသွားပြီးချိန်တွင် ကျေးရွာရှိ မော်တော်ကား၊ ဆိုင်ကယ်နှင့် တန်ဖိုးရှိပစ္စည်းများကို ယူဆောင်သွားကြောင်း ပွင့်ဖြူ ပ.က.ဖ ကလည်း သတင်းထုတ်ပြန်သည်။

နယ်မြေရှင်းလင်းရေးကို ကာကွယ်ရေးတပ်ဖွဲ့များက လုပ်ဆောင်ချိန်တွင်လည်း ထုပ်ပိုးပြီး မသယ်ဆောင်ရသေးသော ပစ္စည်းများ စုပုံထားမှု၊ စာသင်ကျောင်းတွင် တပ်စွဲထားသည်ကိုလည်း တွေ့ရှိခဲ့ရသည်ဟု ပွင့်ဖြူ ပ.က.ဖ ၏ ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

ရွာသူရွာသားများက ယခုချိန်ထိ နေရပ်အိမ်သို့ မပြန်နိုင်ကြသေးကြောင်းနှင့် ကျေးရွာနှစ်ရွာပေါင်း စစ်ရှောင်ဦးရေ ၈၀၀ ဝန်းကျင်ရှိနေကြောင်း ပွင့်ဖြူ ပ.က.ဖ က သတင်းထုတ်ပြန်သည်။

သြဂုတ် ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးဝန်းကျင်သေဆုံးပြီး ကာကွယ်ရေးတပ်ဖွဲ့များဘက်က ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here