မကွေးတိုင်း၊ စလင်းမြို့နယ်၊ ကျပင်းအုပ်စု၊ ကျပင်းမြောက်ရွာတွင် ဒေသခံပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မတ် ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်က စစ်ကြောင်းဝင်ရောက်ခဲ့ပြီး စစ်ကြောင်း ပြန်ထွက်သွားချိန်၌ သေဆုံးသူများ၏ ရုပိအလောင်းများကို တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။
“စစ်ကြောင်းက ခုနစ်ယောက်ကို ဖမ်းတာ။ နှစ်ယောက်လွှတ်ပေးပြီး တစ်ယောက်က ပြေးလာတာ။ ကျန်တဲ့ လူလေးယောက်ကို ရက်ရက်စက်စက် ခုတ်ဖြတ်သတ်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
သတ်ဖြတ်ခံရသူများသည် ကျပင်းမြောက်ရွာသား ၄ ဦး ဖြစ်သည့် အသက် ၃၉ နှစ်အရွယ် ကိုသက်နောင်ထွန်း၊ လေဖြတ်နေသည့် အသက် ၅၀ အရွယ် ဦးမင်းခိုင်၊ အသက် ၅၀ အရွယ် ဦးအောင်ဆန်းမြင့်နှင့် အသက် ၆၀ အရွယ် ဦးဝင်းဗိုလ်တို့ ဖြစ်ကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။
သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်းများကို ကျပင်းရွာ အ.ထ.က ကျောင်း၏ အရှေ့တောင်ထောင့် အိမ်သာကျင်း အဟောင်းထဲတွင် သစ်တိုသစ်စများ ဖုံးအုပ်ထားခဲ့သည်ဟု ဆိုသည်။
သတ်ဖြတ်ခံရသူများ၏ အလောင်းများသည် လက်ပြန်ကြိုးတုပ်လျက် အနေအထားဖြစ်နေသည့်အပြင် အသားနှင့် လည်ပင်းကို လှီးဖြတ်ထားသည်ကိုလည်း တွေ့ရှိခဲ့ရသည်ဟု ဒေသခံတို့က ပြောသည်။
ထို့အပြင် စစ်ကောင်စီတပ်သားများက စာသင်ကျောင်းတွင်ရှိသော အခန်းတစ်ခုထဲ၌ ကျင်စက်များ တပ်ဆင်ထားသည်ကို တွေ့ရှိရသည့်အတွက် သတ်ဖြတ်မှု မပြုလုပ်မီ ရက်ရက်စက်စက် နှိပ်စက်သွားခြင်းဖြစ်နိုင်ကြောင်းလည်း ဒေသခံတို့က ပြောဆိုနေကြသည်။
သံလွင်တိုင်းမ် ပေးပို့သည်။