စလင်းမြို့နယ်အတွင်းရှိ လမ်းပိုင်းနှစ်ခု ဖြတ်သန်းသွားလာခွင့် ကန့်သတ်

0
156
Photo - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စလင်း)

မကွေးတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စလင်းမြို့နယ်မှ လမ်းပိုင်းနှစ်ခု ဖြတ်သန်းသွားလာခွင့်ကို ဇွန် ၁၄ ရက်နေ့က စတင်ပြီး ကန့်သတ်လိုက်ကြောင်း သိရသည်။

စလင်းမြို့နယ်ရှိ ပုသိမ် – မုံရွာ လမ်းပိုင်းနှင့် ကံပြား – စေရာလမ်းပိုင်းကို ပြည်သူများအနေဖြင့် ဖြတ်သန်းသွားလာခြင်း မပြုကြရန် မင်းဘူးခရိုင် အမှတ် – ၁ တပ်ရင်းက အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ကတ္တရာလမ်းပိုင်းမှာ အလုပ်လုပ်စရာရှိတဲ့အတွက် ဒီလိုကန့်သတ်ထားတာပါ။ စကစတွေ ကလည်း ဒီလမ်းပိုင်းကို အသုံးပြုနေတာဖြစ်တဲ့အတွက် ပြည်သူတွေနဲ့ ရောပါလာပါတယ်။ ဒါကြောင့် ပြည်သူတွေ ထိခိုက်မှုမရှိအောင် အသိပေးထားတာပါ” ဟု မင်းဘူးခရိုင် အမှတ် – ၅ တပ်ရင်းမှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကို Joker က ပြောသည်။

စလင်းမြို့နယ်ရှိ ကံပြားရဲစခန်းနှင့် လင်းဇင်းရဲစခန်းများကို ဇွန် ၁၂ ရက်ကစတင်၍ နေ့စဉ်နီးပါး စစ်ကောင်စီ စစ်ကြောင်းများက ဝင်ထွက်နေခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် ကာကွယ်ရေးအဖွဲ့များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်တွင် ထိခိုက်ကျဆုံးမှုများ ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီစစ်ကြောင်းများက ယင်းလမ်းပိုင်းများကို အသုံးပြုနေသောကြောင့် မိုးရွာသည့်အချိန်မှလွဲပြီး မော်တော်ယာဉ်များကို မှန်ပိတ်ခြင်း၊ အမိုးအကာအုပ်ခြင်းများ မပြုလုပ်ကြရန်လည်း တားမြစ်ထားသည်။

ထို့ပြင် ပုသိမ် – မုံရွာလမ်းပိုင်းနှင့် ကံပြား – စေရာလမ်းပိုင်းတွင် စစ်ကောင်စီစစ်ကြောင်းများ ရှိနေစဉ်အတွင်း အသုံးမပြုကြရန်နှင့် ထိခိုက်မှုရှိခဲ့ပါက တာဝန်မယူကြောင်း မင်းဘူးခရိုင် အမှတ် – ၁ တပ်ရင်းက ထုတ်ပြန် ထားသည်။

စလင်းမြို့နယ်တွင် ဧပြီလမှ စတင်ပြီး စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကြား မကြာခဏ ထိတွေ့မှု ဖြစ်ပွားရာနေရာ များပြားလာပြီး မေလမှစတင်၍ တိုက်ပွဲများပြင်းထန်လာတာကြောင့် စစ်ကောင်စီဘက်က ၂၀ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီနှင့် ကာကွယ်ရေးအဖွဲ့များ၏ ထိတွေ့တိုက်ပွဲများကြောင့် စစ်ရှောင်နေရသော ကျေးရွာ ၆ ရွာဝန်းကျင် ရှိပြီး အမြဲတမ်းစစ်ရှောင်နေရသည့် ကျေးရွာ ၃ ရွာအထိ ရှိနေသည်။

ထို့အပြင် မေလအတွင်းတွင် စစ်ကောင်စီဘက်က စစ်ကြောင်းထိုး မီးရှို့ခဲ့သည့်အတွက် စလင်းမြို့နယ် ကုန်းခြားရွာမှ အိမ်ခြေ ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းမှ စစ်ကောင်စီစစ်ကြောင်းများသည် စလင်းမြို့နယ်အခြေစိုက် ခလရ ၂၅၃၊ ၂၅၄၊ ၂၅၅၊ ပွင့်ဖြူ ဝါတပ်၊ ပွင့်ဖြူဒေသမှ ပျူစောထီးများ စေတုတ္တရာ ကပစ ၂၀၊ ကံပြားနှင့် လင်းဇင်းမှ ရဲများက ပူးပေါင်းလှုပ်ရှားနေခြင်းလည်း ဖြစ်သည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here