စစ်တပ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ စစ်ကောင်စီလက်ချက်ဖြင့် အဖမ်းခံရပြီးမှ အသတ်ခံရသူ (၁၁၁၇) ဦးရှိကာ စစ်ကိုင်းတိုင်းက အများဆုံးဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက ယနေ့ ဧပြီ ၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
တစ်နိုင်ငံလုံး၌ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၁၇၀၇၅ ဦးရှိပြီး ၎င်းတို့အနက်မှ ၅၂၇၄ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရသည်။
၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်အထိ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း ၁၀၈ ဦးရှိပြီဖြစ်သည်။
မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၂ ဦး အပါအဝင် ၁၂၁ ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။
ထိုကြောင့် သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း ၁၅၀ ဦး ရှိပြီဖြစ်ကြောင်း ဖော်ပြထားသည်။
၎င်းအပြင် အဆိုပါကာလအတွင်း စစ်ကောင်စီ၏ဖမ်းဆီးခံရပြီးနောက် လွတ်ငြိမ်းသက်သာခွင့်အရသော်လည်းကောင်း၊ ပြစ်ဒဏ်စေ့လို့ လွတ်မြောက်လာသူဦးရေမှာ ၃၈၄၃ ဦးရှိကြောင်းလည်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလ ၁၁ ရက်တွင် စစ်ကိုင်းတိုင်း ရေဦးမြို့နယ် မုန်တိုင်ပင်ရွာ၌ လူ ၂၉ ဦးကို လက်နောက်ပြန်ကြိုးတုပ်လျက် အသတ်ခံခဲ့ရပြီး ၂၀၂၃ ခုနှစ် မတ်လ ၁၁ ရက်က ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် နန့်နိမ်းရွာ၌ လူ ၂၁ ဦးကို ဖမ်းဆီးကာ သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်များသည် စစ်ကောင်စီလက်ထက် လူသိများသည့် အစုအလိုက်အပြုံလိုက် ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များဖြစ်သည်။
ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခံရခြင်းဆိုသည်မှာ စစ်အုပ်စု တပ်သားများကဖြစ်စေ၊ အရာရှိများမှဖြစ်စေ၊ ထောက်ခံသူများမှဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို နည်းလမ်းမျိုးစုံသုံး၍ ဖမ်းဆီးထိန်းသိမ်းပြီးနောက် အင်အားသုံး၍သော်လည်းကောင်း၊ အကျဉ်းသားအပေါ် ပြုမူဆက်ဆံရမည့် စံနှုန်းများကို လျစ်လျူရှု ဥပေက္ခာပြု၍သော်လည်းကောင်း၊ အဆိုပါ ဖမ်းဆီးခံရသူအား အသက်သေဆုံးစေခြင်းဟု အဓိပ္ပါယ်ဖွင့်ပါသည်ဟု ဖော်ပြထားသည်။
၎င်းဖြစ်စဉ် ဖြစ်ပွားမှုမှာ ထောင်တွင်း၌ဖြစ်စေ၊ စစ်ကြောရေး၌ဖြစ်စေ၊ စစ်တန်းလျား၌ဖြစ်စေ၊ ပြင်ပတွင် ထိန်းသိမ်းထားရာနေရာ၌ဖြစ်စေ ဖြစ်ပွားနိုင်ပြီး ထိုသို့ ဖြစ်ပွားချိန်တွင် လက်ထိပ် (သို့မဟုတ်) ကြိုး (သို့မဟုတ်) တနည်းနည်းဖြင့် ချုပ်နှောင်ခံထားရနိုင်ပါသည်ဟု ဆက်လက်ဖော်ပြထားသည်။
ဌေးဌေးအောင် (နိရဥ္စရာ) – ပေးပို့သည်။