ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများကို စစ်သင်တန်းတက်ရန် စစ်ကောင်စီက စေခိုင်းနေသဖြင့် အစုအပြုံလိုက် နုတ်ထွက်စာ တင်ထားကြသည်ဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နှင့် ရာအိမ်မှူး မိသားစုဝင်တချို့က ပြောသည်။
ဧရာဝတီတိုင်း၊ ဇလွန်မြို့နယ်အတွင်းမှ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ၆၂ ဦးတို့သည် စစ်သင်တန်း မတက်လိုသောကြောင့် မြို့နယ်စစ်ကောင်စီထံ ဇန်နဝါရီလ ပထမပတ်အတွင်းက နုတ်ထွက်စာများ တင်ခဲ့ကြ သည်ဟု မြို့နယ်စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတချို့က ပြောသည်။
“ထွက်ခွင့်ကိုတော့ အကြောင်အမျိုးမျိုးပြပြီး တင်ကြတာပေါ့။ အများစုကတော့ ကျန်းမာရေးကို အကြောင်းပြ ကြတာပေါ့။ ထွက်ခွင့်ကို မြို့နယ်က ခွင့်ပြုလို့မှမရတာ၊ အထက်ကို ဆက်တင်ပြထားရတာပေါ့။ ထွက်ခွင့်ကို အခုလို အစုလိုက်အပြုံလိုက်ကြီး မပြောနဲ့ တစ်ဦးစနှစ်ဦးစကိုတောင် လွယ်လွယ်ခွင့်မပြုတာ ပုန်ကန်တာလား ဆိုပြီး အရေးယူတာတောင် ခံရနိုင်သေးတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အစုလိုက်အပြုံလိုက် ထွက်ခွင့်တင်လိုက်သည့်နောက်ပိုင်း ဇန်နဝါရီလ ဒုတိယပတ်ထဲတွင် စစ်သင်တန်းတက်ရန် ညွှန်ကြားချက်မှာ လတ်တလောတွင် ငြိမ်သွားခဲ့သည်ဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ပြောသည်။
ရပ်ကျေးရာအိမ်မှူးတစ်ဦးက “စစ်သင်တန်း ၂ ပတ် တက်ပြီးရင် တစ်လကို ငွေသုံးသိန်းလည်း ထောက်ပံ့မယ်၊ လက်နက်ငယ်တချို့လည်း ပေးထားမယ်လို့လည်း မြို့နယ်အုပ်ချုပ်ရေးက မက်လုံးပေးထားတယ်” ဟု ပြောသည်။
ဇလွန်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလ အတွင်းကလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးများကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ နှစ်ပတ်ကြာ စစ်သင်တန်းတက်ရန် စေခိုင်းမှုကြောင့် ရာအိမ်မှူး ၃၀ ကျော် နုတ်ထွက်ခဲ့ကြသေးသည်ဟု မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“စစ်ကောင်စီလက်အောက်မှာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး လုပ်ချင်လွန်းလို့ လာဘ်ထိုးပြီးလုပ်တဲ့သူတွေ ရှိတယ်။ ပြည်သူကို နှိပ်ကွပ်ပြီး ခေတ်ပျက်မှာ ကြီးပွားအောင် စီးပွားရှာကြဖို့လေ။ အခုတော့ ကိုယ့်ရှူးကိုယ်ပတ်ပြီး ပြေးတဲ့သူတွေ ပြေးကုန်ကြပြီ” ဟု ဇလွန်ဒေသခံတစ်ဦးက ပြောသည်။
အလားတူ ဟင်္သာတမြို့နယ်တွင်လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄၅ ဦးသည် စစ်သင်တန်း မတက်လိုသောကြောင့် မြို့နယ်စစ်ကောင်စီထံ နုတ်ထွက်စာများ တင်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီလက်အောက်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူများအဖြစ် လုပ်ကိုင်နေကြသူများသည် စစ်တပ်ကို ထောက်ခံသူများ၊ စစ်တပ်နှင့် ရဲသတင်းပေးများ ဖြစ်ကြပြီး ဒေသခံ ပြည်သူများကို ဖိနှိပ်ခြိမ်းခြောက်၍ ကိုယ်ကျိုးစီးပွားရှာနေကြသူများသာ ဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။
NMG ပေးပို့သည်။