စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့ပေါ်တွင် ၃ လ နီးပါးကြာ စစ်ရှောင်နေရသည့် ရွှေပြည်အေးဒေသခံများသည် စစ်ရေး ပဋိပက္ခ ဆက်မြှင့်တက်နေတာကြောင့် နေရပ်ပြန်နိုင်ခြင်း မရှိသေးကြောင်း စစ်ဘေးရှောင်ကူညီသူများထံမှ သိရသည်။
ရွှေပြည်အေးမြို့မှ စစ်ရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ တတိယအပတ်ခန့်မှစပြီး ဟုမ္မလင်းမြို့ ခိုပဲဝ ဆုတောင်းပြည့်ဘုရားတွင် စစ်ရှောင်နေထိုင်နေကြပြီး လက်ရှိတွင် လာရောက်စစ်ရှောင် နေထိုင်သူဦးရေ ၇၇၈ ဦး ရှိကြောင်း စစ်ဘေးရှောင်များအား ဦးဆောင်ကူညီနေသည့် ရွှေပြည်အေးရပ်မိရပ်ဖတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ လက်ရှိရွှေပြည်အေးက ကျန်နေတဲ့ဟာတွေက ဒီဘက်ကို သူတို့လာချင်နေတာ။ သူတို့ ထွက်လို့ မရဘူး ဖြစ်နေတာဗျာ့။ ကျောင်းသားတွေပေါ့ဗျာ စာမေးပွဲဖြေ ကျန်ခဲ့မယ့်ဟာတွေလည်း အဲ့မှာအများကြီး ကျန်ခဲ့သေးတယ်ဗျာ” ဟု ရွှေပြည်အေးမြို့ ရပ်မိရပ်ဖတစ်ဦးက ဆိုသည်။
လာည့်ရက်ပိုင်းအတွင်း စစ်ရှောင်နေကြရသည့် ကာလ ၃ လ ပြည့်တော့မည်ဖြစ်ပြီး စစ်ဘေးရှောင်များကို ဟုမ္မလင်းမြို့နယ် ဌာနဆိုင်ရာများအပြင် သီးခြားအလှူရှင်များနှင့် ရှမ်းနီတိုင်းရင်းသားအဖွဲ့အစည်းများက ကူညီမှုကြောင့် အနည်းငယ် အဆင်ပြေနေသေးသည်ဟု အဆိုပါရပ်မိရပ်ဖက ပြောဆိုသည်။
“လာမယ့် ၂၂ ရက်နေ့ဆိုရင် ကျွန်တော်တို့ သုံးလ ပြည့်ပြီဗျာ့။ ရက် ၉၀ ပေါ့” ဟု ၎င်းက ဆက်ပြောသည်။
ဟုမ္မလင်းမြို့ရှိ ရွှေပြည်အေးစစ်ရှောင်များကို ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ဟုမ္မလင်းမြို့ ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံရှိ ဆရာဝန်၊ဆရာမများကလည်း တစ်ပတ်လျှင် နှစ်ရက် သို့မဟုတ် ရက်ခြား၍ ကူညီစောင့်ရှောက်မှု ပေးနေကြောင်း သိရသည်။
ဟုမ္မလင်းမြို့သို့ စစ်ရှောင်လာသည့် ကျောင်းသူကျောင်းသားများအနေဖြင့် စာမေးပွဲများ ဖြေဆိုခွင့် ရရှိသော်လည်း ရွှေပြည်အေးမြို့တွင် ကျန်ရှိနေခဲ့သော ကျောင်းသူကျောင်းသားများမှာ စာမေးပွဲ ဖြေဆိုခွင့် မရရှိကြကြောင်းလည်း စစ်ဘေးရှောင် ကူညီသူများ၏ ပြောဆိုမှုအရ သိရသည်။ စာမေးပွဲဖြေဆိုရန် ကျန်ရှိခဲ့သည် အတန်းများမှာ G-5 ၊ G-9၊ G-10 နှင့် G-12 များ ဖြစ်သည်ဟု ဆိုသည်။
ရွှေပြည်အေးမြို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားပြီးနောက် စစ်ကောင်စီက ပြန်လည်သိမ်းပိုက် ခဲ့သော်လည်း မကြာမီ အချိန်အတွင်း တော်လှန်ရေးအင်အားစုများက ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး ဆက်လက် ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ကြောင်းလည်း ဒေသခံတို့က ပြောသည်။
ဆေကောင်ခမ်း (ရှမ်းနီအသံ) ပေးပို့သည်။