စစ်မှုထမ်း ထောက်ပံ့ကြေးမပေးပါက ရွာကနှင်ထုတ်မည် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ခြိမ်းခြောက်ပြောဆို

0
113
Photo – CJ

ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက အုပ်စုအတွင်းရှိ ကျေးရွာ ၄ ရွာမှ အိမ်ထောင်ဦးစီးများကို အစည်းအဝေးခေါ်ယူကာ စစ်မှုထမ်းထောက်ပံ့ကြေး မပေးဆောင်ပါက ရွာထဲမှ နှင်ထုတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အစည်းအဝေးတက်ခဲ့သူတချို့က ပြောဆိုသည်။

မော်လမြိုင်ကျွန်းမြို့နယ် ဖိုးသာအေးကျေးရွာအုပ်စု၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဦးယဉ်ဌေးက ဒီဇင်ဘာလ ၉ ရက်နေ့က ဖိုးသာအေးကျေးရွာ၌ ပြုလုပ်သည့် အစည်းအဝေးတွင် ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဖိုးသာအေးကျေးရွာအုပ်စုရှိ ကံစုကျေးရွာသားတစ်ဦးက “စစ်မှုထမ်းထောက်ပံ့ကြေး တစ်အိမ်ကို ၂၅,၀၀၀ ကောက်မှာ။ ဒီတစ်ခါပဲလား လတိုင်းပေးရမှာလားဆိုတာလည်း ရှင်းရှင်းလင်းလင်းမပြောဘူး။ မပေးရင် ရွာမှာမနေနဲ့ နှင်ထုတ်ခံရမယ်။ စစ်တပ်နဲ့ခေါ်ပြီး နှင်ထုတ်မှာလို့ ပြောတာ” ဟု ပြောပြသည်။

ဖိုးသားအေးကျေးရွာအုပ်စုအတွင်း၌ ဖိုးသာအေးကျေးရွာ၊ ပန်းခဝကျေးရွာ၊ ကံစုကျေးရွာနှင့် ခူမာန်ကျေးရွာ စုစုပေါင်း ကျေးရွာ ၄ ရွာရှိပြီး အိမ်ခြေ ၄၀၀ ကျော်ခန့်ရှိကြောင်း ရွာသားများက ပြောဆိုသည်။

ဖိုးသာအေးရွာတွင် နေထိုင်သူတစ်ဦးက “ဒီကောင် (အုပ်ချုပ်ရေးမှူး ယဉ်ဌေး) က အရက်မူးလာရင် PDF ကို ထောက်ပံ့နေတဲ့ကောင်တွေ နိုင်ငံရေးအကြောင်းပြောတဲ့သူတွေ၊ ငါ့ကို မလေးမစား မချေမငံ ဆက်ဆံတဲ့သူတွေ သတိထားနေကြ။ ငါ့ အကြောင်းသိအောင် ထိထိရောက်ရောက် အရေးယူပြဦးမယ်လို့ အော်ပြီး ကြိမ်းမောင်းနေသေးတာ” ဟု ပြောသည်။

ဦးယဉ်ဌေး၏ဖခင်ဖြစ်သူသည်လည်း နာမည်ဆိုးဖြင့်ကျော်ကြားသည့် အုပ်ကြီးဟောင်းတစ်ဦးဖြစ်ပြီး စစ်ကောင်စီ တပ်နှင့်ပေါင်းကာ သားဖြစ်သူကို အုပ်ကြီးနေရာ လွှဲပေးခဲ့ခြင်းဖြစ်သည်ဟု အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောဆိုသည်။

ခူမာန်ရွာသားတစ်ဦးက “အဖေ့ထက်သားက လက်စောင်းပိုထက်ရမယ်ဆိုပြီး ကြွေးကြော်နေသေးတာ။ စစ်မှုထမ်းထောက်ပံ့ကြေး ကောက်တာကလည်း သူ့အိတ်ထဲထည့်ဖို့ပဲဖြစ်မှာ။ စစ်တပ်ကိုပိုင်တော့ ဘယ်သူကမှ မပြောရဲကြဘူး” ဟု ပြောသည်။

ပန်းခဝကျေးရွာထိပ် ဆိုင်းဘုတ်နေရာတွင်လည်း အုပ်ကြီးယဉ်ဌေး၊ စစ်ကောင်စီတပ်သား၊ ရဲနှင့် ပြည်သူ့စစ်များ ပူးပေါင်းအဖွဲ့တို့က နေ့စဉ် စက်ဘီး၊ ဆိုင်ကယ်၊ ကားများကို စစ်ဆေးမှုများလုပ်နေပြီး အကြောင်းအမျိုးမျိုးဖြင့် ဒဏ်ကြေးငွေ ကျပ် ၁၅,၀၀၀၊ ကျပ် ၃၀,၀၀၀၊ ကျပ် ၁၀၀,၀၀၀ အထိ ကောက်ခံနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here