စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်သူများကို အရေးယူသွားမည်ဟု ရှမ်းပြည်တောင်ပိုင်းတော်လှန်ရေးလူငယ် အင်အားစုပြောဆို

0
296
Photo – SSRY

ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များတွင် စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်နေသူ များကို အရေးယူဆောင်ရွက်သွားမည်ဟု ရှမ်းပြည်တောင်ပိုင်းတော်လှန်ရေးလူငယ်အင်အားစု (SSRY) က မတ်လ ၁၈ ရက်နေ့တွင် အသိပေးထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် လဝက၊ ထွေအုပ်၊ ရပ်ကျေး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး အနေဖြင့် SSRY ၏ ထုတ်ပြန်ချက်ကို အလေးမထားဘဲ စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်ပါက အရေးယူမှု ပြုသွားမယ်ဟု ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ်အင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

“ကျနော်တို့က အခုလက်ရှိ ကျနော်တို့ရဲ 1008 Page မှာတော့ သတိပေးထုတ်ပြန် ကြေငြာထားတာဖြစ်တယ်။ အဲ့ဒီပေါ်မှာမှ ကျနော်တို့ရဲ့ကြေညာချက်ကို လေ့လာပြီးတော့ ဂရုမစိုက်ဘဲနဲ့ စစ်ကောင်စီနဲ့ ပူပေါင်းဆောင်ရွက် နေမယ်ဆိုရင် ကျနော်တို့ 1008 တပ်ရင်းအနေနဲ့ အဆင့်ဆင့် အရေးယူဆောက်ရွက်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်” လို့ အဆိုပါတာဝန်ရှိသူက ပြောသည်။

လက်ရှိ၌ ရှမ်းပြည်နယ်တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင်အတွင်းရှိ မြို့နယ်တချို့တွင် အုပ်ချုပ်ရေးအဖွဲ့ဝင်များက စစ်ကောင်စီနှင့် ပူးပေါင်းပြီး စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

ထိုသို့လုပ်ဆောင်မှုများကြောင့် ဒေသခံပြည်သူများအနေနှင့် စိုးရိမ်ပူပန်နေကြရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက အခုလိုပြောသည်။

“စိုးရိမ်ရတာပေါ့။ သားရှိတဲ့မိခင်တိုင်း ပူပင်သောက ရောက်နေရတာပါ။ အချိန်ခဏသင်တန်းပေးပြီး ရှေ့တန်းမှာ ရှေ့ထွက်ခိုင်းမှာကို ဘယ်လိုကြည့်ရက်မလဲ” ဟု အဆိုပါဒေသခံအမျိုးသမီးက ပြောဆိုသည်။

စစ်ကောင်စီက ပြည်သူများကို ကျွန်ပြုပြီး စစ်အင်အားစုဆောင်းလိုသည့်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်မှုအပေါ် ရှမ်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးလူငယ်အင်အားစု (SSRY) အမှတ် ၁၀ဝ၈ တပ်ရင်းမှ ပြင်းပြင်းထန်ထန်ရှုံ့ချပြီး ကန့်ကွက်ကြောင်းလည်း အသိပေးထားသည်။

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနှင့် မြို့နယ်အများစု၌ ရပ်ကွက်အုပ်ချုပ်ရေးရုံးများကနေ စစ်မှုထမ်းရန် စာရင်းကောက်ယူနေခြင်း၊ နာမည်ဆင့်ခေါ်ခြင်း၊ တချို့နေရာများတွင် မဲနှိုက်စနစ်ဖြင့် စစ်မှုထမ်းရမည့်သူစာရင်းကို စုဆောင်းနေကြောင်း သိရှိရသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here