စစ်ဘေးတိမ်းရှောင်သူဦးရေအများဆုံးဖြစ်သည့် စစ်ကိုင်းတိုင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ထက်ဝက်ခန့်လျော့ကျ

0
214

စစ်ကိုင်းတိုင်းသည် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စစ်ဘေးတိမ်းရှောင်နေရသူ အများဆုံးသော တိုင်းတစ်ခုဖြစ်ပြီး အခြေခံပညာကျောင်း အများစုလည်း ဖွင့်လှစ်နိုင်ခြင်း မရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဒေသခံအများစုမှာ စစ်ဘေးတိမ်းရှောင်နေကြရသလို နယ်မြေအတွင်း မငြိမ်သက်မှုကြောင့်လည်း ယခု ၂၀၂၃- ၂၀၂၄ စာသင်နှစ်တွင် စစ်ကိုင်းတိုင်းအတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုသူ တစ်သောင်းနီးပါးသာရှိခဲ့သဖြင့် ထက်ဝက်နီးပါး လျော့ကျသွားကြောင်း ဒေသခံများက ဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၃ -၂၀၂၄ ခုနှစ် စာနှစ်သစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအားဖြေဆိုသူ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၆၃၇ ဦး ရှိခဲ့ကြောင်း စစ်ကောင်စီလက်အောက် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ဗန်းမောက်မြို့ မြို့မိမြို့ဖတစ်ဦးက “တချို့ငွေကြေးတတ်နိုင်တဲ့လူတွေကလည်း သူတို့သားသမီးတွေကို မြို့တွေမှာ သွားထားကြတာလေ။ စစ်ဖြစ်တဲ့ မြို့ရွာတွေမှာ ကျောင်းမှမဖွင့်နိုင်တာ ။ ဒါကြောင့် လူနည်းသွား တာပေါ့။ ကျွန်တော်တို့ဆီမှာလည်း မနှစ်က မဖွင့်နိုင်ဘူး ။ ဒီနှစ်တော့ ၂၅ ယောက် ဖြေတယ်။ မြို့မကျောင်းပဲ ဖွင့်နိုင်တယ်လေ၊ အထက်တန်းကျောင်းကြီး မဖွင့်နိုင်ဘူး” ဟု ပြောဆိုသည်။

အထက်ပါကိန်းဂဏန်းအရ စစ်ကိုင်းတိုင်းအတွင်း ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်ခွင့် ဖြေဆိုသည့် ရာခိုင်နှုန်းမှာ ၉၂.၈၉ ရာခိုင်နှုန်း ရှိကြောင်း စစ်ကောင်စီလက်အောက် နိုင်ငံပိုင်သတင်းစာပါ ထုတ်ပြန်ချက်အရ သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို မြန်မာနိုင်ငံတဝန်းလုံးရှိ တိုင်းနှင့် ပြည်နယ်အလိုက် ခရိုင်ပေါင်း ၁၁၄ ခရိုင်၊ မြို့နယ်ပေါင်း ၂၈၅ မြို့၊ စာစစ်ဌာနပေါင်း ၇၉၄ ဌာနရှိပြီး စာရင်းရှိဦးရေ ၁၄၆,၅၂၃ မှ ၁၂၈,၈၀၁ ဦး ဖြေဆို ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here