စစ်တွေမှအသက်မပြည့်လူငယ် ၃ ဦး အပါအဝင် ပြည်သူ ၆ ဦးနှင့် ကျောက်ဖြူတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး အပါ မြို့ခံ ၄ ဦးကို စစ်ကောင်စီဖမ်းဆီး

0
235
ပုံစာ - ရခိုင်တွင်တိုက်ပွဲများစတင်ဖြစ်ပွားပြီးနောက် ဒေသခံတချို့ကိုစစ်ကောင်စီဖမ်းဆီး။

ရခိုင်ပြည်တွင် နိုဝင်ဘာ ၁၃ ရက် နံနက်က ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ စတင် ဖြစ်ပွားပြီးနောက် စစ်တွေမြို့မှ စစ်ဘေးရှောင် ၃ ဦးနှင့် အသက်မပြည့်သူ ဒေသခံလူငယ် ၃ ဦး စုစုပေါင်း ၆ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများမှာ စစ်တွေမြို့နယ်၊ ရွာသာယာကျေးရွာရှိ ငါးစင်ရိုင်းချောင်း ဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းမှ ဦးဘလှိုင်၊ ကိုကျော်နိုင်ဌေး၊ ဦးကျော်သန်းမောင်နှင့် ရွာသာယာကျေးရွာမှ ကိုနေဆန်းလင်း (၁၇) နှစ်၊ ကိုမောင်သိန်းစိုး (၁၄) နှစ်၊ ကိုကောင်းမြတ် (၁၇) နှစ် တို့ ဖြစ်သည်ဟု သိရသည်။

ယင်းတို့အနက် စစ်ဘေးရှောင် ၃ ဦးကို နိုဝင်ဘာ ၁၃ ရက်၊ ညနေ ၄ နာရီခန့်က စစ်ဘေးရှောင်စခန်းမှတဆင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတစ်ဦးက “သူတို့က စစ်ဘေးရှောင်တွေပါ။ ဘာအကြောင်းနဲ့ ဖမ်းသွားလဲမသိဘူး။ စစ်ကားအကြီးနဲ့ တင်ခေါ်သွားတယ်” ဟု ပြောသည်။

အဆိုပါ ဘုန်းကြီးကျောင်း စစ်ဘေးရှောင်စခန်းအနီးရှိ ရွာသာယာကျေးရွာမှ ကိုနေဆန်းလင်း၊ ကိုမောင်သိန်းစိုး တို့ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် အနီးရှိ လက်ဖက်ရည်ဆိုင်တွင် ဂိမ်းကစားနေသည့် ကိုကောင်းမြတ်ကိုပါ စစ်ကောင်စီတပ်သားများက ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီက ဖမ်းဆီးသွားသူ ၆ ဦးအနက် ကိုကျော်နိုင်ဌေး၊ ကိုနေဆန်းလင်း၊ ကိုမောင်သိန်းစိုးတို့ ၃ ဦးမှာ အသက်မပြည့်သေးသည့် လူငယ်များဖြစ်သဖြင့် မတရားဖမ်းဆီးခြင်း မပြုသင့်ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ကျောက်ဖြူမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး အပါအဝင် မြို့ခံ ၄ ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖမ်းဆီးခံရသူများမှာ စေတီတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းလှိုင်၊ အနောက်ပိုင်းရပ်ကွက်မှ ရခိုင်အဆိုတော် နဂါး၊ သန်ပန်ချောင်းရပ်ကွက်မှ ဦးဘကြည် (၆၅) နှစ်နှင့် အိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင် ကိုဝီလီယမ်တို့ဖြစ်ကြောင်း သိရသည်။

၄င်းတို့ကို နိုဝင်ဘာလ ၁၃ ရက် နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင် စစ်ကောင်စီနှင့် ရဲပူးပေါင်းတပ်ဖွဲ့က အင်အားအပြည့်အစုံနှင့် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

“ဖမ်းတာကတော့ ရဲနဲ့စစ်တပ်ပူးပေါင်းအဖွဲ့က ကားတွေနဲ့လာပြီး ဖမ်းခေါ်သွားတာပါ။ ကားပေါ်ပါလာတဲ့ ရဲတွေစစ်သားတွေ အကုန်လုံးက Mask တပ်ထားကြတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ၌ ဖမ်းဆီးခံထားရသူ ၄ ဦးကို မည်သည့်တပ်ရင်း၊ စခန်းများတွင် ထားရှိသည်ကို မသိရှိရကြောင်း ကျောက်ဖြူမြို့ခံများက ပြောသည်။

ရခိုင်မြောက်ပိုင်းမြို့နယ်များတွင် နိုဝင်ဘာလ ၁၃ ရက်နေ့ မနက်ပိုင်းက စတင်ပြီး ရက္ခိုင့်တပ်တော် AA က စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲနေချိန် ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ် အစရှိသည့် မြို့နယ်များ၌ စစ်ကောင်စီက အင်အားအပြည့်အစုံဖြင့် လုံခြုံရေးအထူးတင်းကြပ်ထားကြောင်း ဒေသခံများက ပြောသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here