စစ်တွေမြို့မှ စစ်ကောင်စီတပ် အရာရှိမိသားစုဝင်များ နေပြည်တော်နှင့် ရန်ကုန်သို့ လေကြောင်းဖြင့် စတင်ပြောင်းရွှေ့နေ

0
99

ရခိုင်ပြည်၊ စစ်တွေမြို့က စစ်ကောင်စီတပ်အရာရှိကြီးများ၏ မိသားစုဝင်များကို ရန်ကုန်နှင့် နေပြည်တော်သို့ လေကြောင်းဖြင့် ပြောင်းရွှေ့နေပြီး အိမ်အသုံးဆောင်ပရိဘောဂများကိုလည်း ရေကြောင်းကနေ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေကြောင်း စစ်တွေဒေသခံစစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။

“တပ်အရာရှိကြီး မိသားစုတွေကို လေယာဉ်နဲ့ ပြောင်းရွှေ့တယ်လို့ သိရပါတယ်။ တိုင်းမှူး၊ ဒကစမှူးစတဲ့ မိသားစုတွေလည်း ပါတယ်လို့ သိရပါတယ်။ ကျန်တာတွေကတော့ စစ်ကောင်စီအရာရှိကြီးတွေရဲ့ မိသားစု တွေ ဖြစ်ကြပါတယ်။ ပစ္စည်းတွေကိုတော့ ရွှေမင်းဂံဆိပ်ကမ်းကနေ စစ်ရေယာဉ်၊ ကုန်တင်သင်္ဘောတွေနဲ့ ပြောင်းရွှေ့တယ်လို့ သိရပါတယ်” ဟု စစ်တွေဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်တွေမြို့တွင် လောလောဆယ်၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း မောင်တောမြို့နယ်တခုလုံးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်ပြီး နောက်ပိုင်းတွင် စစ်တွေမြို့ကိုလည်း တိုက်ခိုက်လာနိုင်သဖြင့် ကြိုတင်ပြီး မိသားစုများကို ပြောင်းရွှေ့ခြင်းဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။

“ကျောက်ဖြူထက် စစ်တွေကို အရင်တိုက်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတယ်။ ကျောက်ဖြူက တရုတ်ကိစ္စလည်း ပါမယ်ထင်တယ်။ ဒါကြောင့် အခုစစ်တွေက တပ်မိသားစုတွေကို အမြန်ရွှေ့နေကြတယ်။ အမ်းနဲ့ တောင်ကုတ်ကျရင်  စစ်တွေကို ရောက်လာနိုင်တယ်လို့ စစ်ကောင်စီက ခန့်မှန်းထားပုံရတယ်။ အခုစစ်တပ်အတွင်း ဝရုန်းသုန်းကားဖြစ်နေတာ မြင်ရတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ၌ စစ်တွေမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း အမြင့်ကျွန်း၊ ဝါဘိုဘက်တွင် စစ်ရေးတင်းမာမှုရှိနေပြီး စစ်ကောင်စီအနေဖြင့် ယခင်တိုက်ပွဲ ဖြစ်ပွားခဲ့သည့် နေရာများဖြစ်သည့် မင်းလှကျေးရွာဘက်သို့ စစ်ကြောင်းများ မထိုးဝံ့တော့ဟု ဒေသခံတို့က ပြောဆိုသည်။

သို့သော် စစ်ကောင်စီက AA ဝင်ရောက်လာမည်ကိုစိုး၍ မိုင်းခွဲဖျက်ဆီးခံထားသည့် အမြင့်ကျွန်းတံတားမှစပြီး ကာကင်း၊ ကတုတ်ကျင်းများ တည်ဆောက်ကာ အခိုင်အမာ ခံစစ်ပြင်ဆင်ထားသည်ဟု မျက်မြင်ဒေသခံများက ပြောသည်။

အမြင့်ကျွန်းဒေသခံတစ်ဦးက “စစ်တွေမြို့တပ်နယ်ထဲကိုဖြတ်ပြီး ပါဒလိပ်၊ အမြင့်ကျွန်းစတဲ့ ရွာတွေကို လူသွားလူလာ လုပ်လို့မရတာကြာပြီ။ AA ထိုးစစ်ရောက်လာမှာကိုစိုးပြီး လုံခြုံရေးကို လမ်းတလျှောက် တင်းကြပ်ထားတယ်” ဟု ပြောဆိုသည်။

စစ်ကောင်စီသည် စစ်တွေမြို့ပြင်တွင် ရွာပေါင်း ၂၀ ထက်မနည်းသော ကျေးရွာများမှ သောင်းနှင့်ချီရှိနေသော ဒေသခံပြည်သူများကို ရွာများကနေ နှင်ထုတ်ထားပြီး အများစုကို စစ်တွေမြို့ထဲသို့ လူသားဒိုင်းကာအဖြစ်ပြုလုပ်ရန် အတင်းဓမ္မ ပို့ဆောင်ထားသည်ဟုလည်း ဒေသခံများက ပြောသည်။

စစ်တွေမြို့အတွင်းနှင့် မြို့ပြင်ထွက်သည့် လမ်းတလျှောက်တွင် စစ်တပ်ဂိတ် ၁၅ ဂိတ်ထက်မနည်း ချထားပြီး မြို့ပတ်ပတ်လည်တွင်လည်း ဝါယာများဖြင့် ခြံစည်းရိုးများကာရန်ထားကာ ကမ်းစပ်တလျှောက်တွင်လည်း မြေမြှုပ်မိုင်းများနှင့်အတူ ဝါးချွန်များ အများအပြားထောင်ထားကာ စစ်ရေးအခိုင်အမာ ပြင်ဆင်ထားကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here