
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဇူလိုင်၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှု ဖြစ်စဉ်အတွင်း ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အဖွဲ့ကွဲမှ ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်။
ဇူလိုင်လ ၁ ရက်၊ နေ့လယ် ၁ နာရီခန့်က စစ်တွေမြို့၊ မင်းဂံရပ်ကွက်ရှိ ALP အဖွဲ့ကွဲ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း၏ နေအိမ်မှ အိမ်စီးကားအနက်ရောင်ဖြင့် ပါတီဒုတိယဥက္ကဋ္ဌ ခိုင်နီရောင်၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်မင်းတို့သည် ယာဉ်မောင်း ခိုင်ကျော်နိုင်နှင့်အတူ ပြန်လာစဉ် စစ်တွေတက္ကသိုလ်နှင့် မင်းဂံရထား သံလမ်းအနီးသို့ အရောက် ဆိုင်ကယ်ဖြင့် လိုက်လာသည့် လက်နက်ကိုင်တစ်စု၏ သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်အတွင်း ALP ပါတီ ဒုတိယဥက္ကဋ္ဌ ခိုင်နီရောင်၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်မင်းနှင့် ယာဉ်မောင်း ခိုင်ကျော်နိုင်တို့ ပွဲချင်းပြီး သေဆုံးသွားသည်ဟု မျက်မြင်ဒေသခံများက ပြောဆိုသည်။
၎င်းတို့ ၃ ဦး၏ ရုပ်အလောင်းကို အခင်းဖြစ်ပြီးနောက် စစ်တွေဆေးရုံသို့ ယူဆောင်သွားခဲ့သော်လည်း လက်ရှိတွင် မည်သည့်နေရာ၌ ထားရှိသည်ကို သိရခြင်း မရှိသေးပါ။
အဆိုပါ ဖြစ်စဉ်အတွင်း ဒဏ်ရာရသွားသူ ၃ ဦးမှာ ALP တပ်ဖွဲ့ဝင်များ ဖြစ်ကြသည့် ခိုင်ဗိုလ်မင်း၊ ခိုင်ကျော်မင်းစိုးနှင့် ခိုင်ကျော်ရဲအောင်တို့ ဖြစ်ကြောင်း သိရသည်။
စစ်တွေပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံယူနေရသည့် ဒဏ်ရာရရှိသူ ALP တပ်ဖွဲ့ဝင် ၃ ဦးကို စစ်ကောင်စီတပ်က ကားဖြင့် ညတွင်းချင်း ခေါ်ဆောင်သယ်ယူ သွားခဲ့သည်ဟု စစ်တွေဆေးရုံကြီးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ည ၁ဝ နာရီခွဲ လောက်ကနေ စစ်တပ်က ယူသွားတာပါ။ စစ်တပ်က ကားနဲ့၊ စစ်တပ်ကိုပဲ ယူသွားတာ ဖြစ်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
ALP တပ်ဖွဲ့ဝင် ၃ ဦး၏ ခြေထောက်နှင့် ပေါင်တို့တွင် သေနတ်ဒဏ်ရာများ ရရှိခဲ့ကြကြောင်း စစ်တွေဆေးရုံကြီးနှင့် နီးစပ်သူက အခုလိုဆက်ပြောဆိုသည်။
“သေမယ့် ဒဏ်ရာတွေလည်း မပါပါဘူး။ ခြေထောက်နဲ့ ပေါင်တွေမှာ ရတာ၊ သေနိုင်လောက်တဲ့အထိ မရှိဘူး” ဟု ၎င်းက ပြောသည်။
ယခုပစ်ခတ်မှုကို မည်သည့်အကြောင်းကြောင့် မည်သူက ပစ်ခတ်သွားသည်ကို ယခုအချိန်ထိ မသိရှိရသေးပါ။
အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်ပြီး ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းကို ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာတွင် ပစ်ခတ်မှု ဖြစ်စဉ်ကြောင့် ထိခိုက်ကျဆုံးမှုများနှင့် ပတ်သက်ပြီး အလုပ်ရှုပ်နေသည်ဟု ဖုန်းကိုင်သည့် အမျိုးသမီးတစ်ဦးက တုံ့ပြန်ဖြေကြားခဲ့သည်။
ALP ပါတီမှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြနှင့် ALP တပ်မှူး ၂ ဦး တို့သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်က စစ်တွေမြို့ရှိ ဝေသာလီအားကစားကွင်းတွင် စစ်ကောင်စီက ပြုလုပ်သည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ တက်ရောက်ပြီး အိမ်စီးကားဖြင့် ပြန်လာစဉ် စက်ရုံစုရပ်ကွက်ရှိ ဆီဆိုင်တန်းအနီး၌ လက်နက်ကိုင်တစ်စု၏ သေနတ်ဖြင့် ပစ်ခတ်ခြင်းခံခဲ့ရပြီး ၃ ဦး စလုံး အခင်းဖြစ်ရာနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို တစ်ဖန်ပြန်လည်ထူထောင်သူ ဥက္ကဋ္ဌ ဦးခိုင်ရဲခိုင် ဦးဆောင်သော ALP အဖွဲ့နှင့် ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ALP ဟူ၍ အဖွဲ့ နှစ်ဖွဲ့ ကွဲနေကြောင်း သိရသည်။
ဒေါ်စောမြရာဇာလင်းသည် မကြာမီ ရက်ပိုင်းအတွင်းက နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ရေးထိုးထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST) (၅) ဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြောင်း သိရသည်။
နိရဉ္စရာ ပေးပို့သည်။