စစ်ခေါင်းဆောင်ဖိတ်ခေါ်မှုကို အယုံအကြည်မရှိဟု ကရင်နီပြည်တပ်မတော် (KA) ပြောဆို

0
131
Photo - KA

မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို နိုင်ငံရေးနည်းလမ်းနှင့်သာဖြေရှင်းရန် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဖိတ်ခေါ်မှုအပေါ် အယုံအကြည်မရှိဘူးဟု ကရင်နီပြည်တပ်မတော် (KA) ပြောဆိုသည်။

စစ်ကောင်စီက ကျင်းပမည့် ၂၀၂၅ ရွေးကောက်ပွဲအတွက် လာမည့်အောက်တိုဘာ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် သန်းခေါင်စာရင်းမကောက်မီအချိန်မှာပင် လက်နက်ကိုင်တော်လှန်နေကြသည့် တိုင်းရင်းသားအဖွဲ့များကို ပါတီနိုင်ငံရေးလမ်းကြောင်းဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းဖြင့်လည်းကောင်း ပါဝင်ရန် စစ်ခေါင်းဆောင်က စက်တင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက ကမ်းလှမ်းထုတ်ပြန်ခြင်းဖြစ်သည်။

ကရင်နီပြည်တပ်မတော်- KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က “ကျနော်အနေနဲ့တော့ မယုံပါဘူး။ တော်လှန်ရေး သက်တမ်း ၅၃ နှစ် ပြည့်ပြီ၊ ဒီတစ်နှစ် ကျနော်ဝင်လာတာ။ …..နိုင်ငံရေးနဲ ဖြေရှင်းမယ်ဆို ဘာနိုင်ငံရေးလဲ။ နိုင်ငံရေးရှိရင် ဒီမိုကရေစီပေးပေါ့။ စစ်အာဏာ မကိုင်ခိုင်းနဲ့ပေါ့။ အခုက နေရာတကာမှာ သူတို့ချုပ်ချယ်တယ်။ ခြယ်လှယ်တယ်။ သူ့ကိုယုံကြည်ဖို့ကတော့ လာမပြောနဲ့” ဟု ပြောသည်။

ကရင်နီ (ကယား) ပြည်တွင် စစ်ကောင်စီယန္တရားလည်ပတ်နိုင်သည့် လွိုင်ကော်မြို့တွင်း၌လည်း ရေဘေးကူညီကယ်ဆယ်‌ရေးလုပ်နေသလို “တစ်လေးလုံးစစ်ဆင်ရေး” နောက်ပိုင်း ပျက်စီးဆုံးရှံးသွားသည့် ဆိုင်တန်း၊ ဆက်သွယ်ရေးလိုင်း၊ လျှပ်စစ်မီး၊ ကျောင်းများ ပြန်လည်ဖွင့်နိုင်ရေးအတွက် ပြန်လည်ထူထောင်ရေးကို ကြိုး‌ပမ်းနေသည်ဟု စစ်ကောင်စီက ထုတ်ပြန်သည်။

တချိန်ထဲမှာပင် စစ်ကောင်စီတပ်က တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာ‌ဒေသဖြစ်သည့် ရှမ်း – ကရင်နီ နယ်စပ်ရှိ ကျေးရွာများတွင် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်လျက် ရှိနေသည်။

ဗိုလ်မှူးကြီးဘုန်းနိုင်က “တိုင်းပြည်တစ်ခုက နိုင်ငံရေးရှိရမယ်။ အုပ်ချုပ်ရေးတွေ ရှိမယ်၊ တရားစီရင်ရေးမဏ္ဍိုင်တွေရှိမယ်။ ဒါပေမဲ့ ဒီကောင်တွေက ငါတို့ကို စာရင်းမထည့်ဘူး။ ကရင်နီပြည်က သေးသေးလေးပဲ။ ဒါမဲ့ ဗုံးကြဲတာ အများဆုံးက ကရင်နီပြည်ပဲ။ ဗုံးကြဲတာ ထောင်ကျော်ပြီနော။ အလုံးရေတော့ ကျနော်မပြောဘူး။ ကြိမ်ရေ‌ပေါင်းက ထောင်ကျော်ပြီ။ ငါတို့ပြည်နယ်ကို သူကြေမွအောင်လုပ်မှာပဲပေါ့” လို့ ဆက်ပြောသည်။

နိုင်ငံရေးပြဿနာကို နိုင်ငံ‌ရေးလမ်းစဥ်အတိုင်း မဖြေရှင်းဘဲ လက်နက်ကိုင်လမ်းစဥ်၊ အကြမ်းဖက်လမ်းစဥ် ရွေးချယ်ခဲ့သည့် လူ့မှုအဖွဲ့အစည်းများကြောင့် နိုင်ငံတော်ရဲ့လူသားအရင်းအမြစ် ဆုံးရှုံးမှု၊ နိုင်ငံတော်ရဲ့ အဆောက်အအုံများပျက်စီးမှု၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှု ဖြစ်ပေါ်ရသည်ဟု စစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုခဲ့သည်။

ကရင်နီတော်လှန်‌ရေး အင်အားစုများက ကရင်နီပြည်တစ်ပြည်လုံးအတိုင်းအတာနှင့် စစ်ကောင်စီက ရွေးကောက်ပွဲ ပြုလုပ်နိုင်မှာမဟုတ်ဟု ပြောဆိုကြပြီး ရွေးကောက်ပွဲ မကျင်းပနိုင်အောင်လည်း ကြိုးပမ်းသွားမည်ဟု ပြောဆိုထားသည်။

တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ရေ‌ဘေးသင့်ပြည်သူများအတွက် ပျက်စီးမှုအနည်းအများအလိုက် ဦးစားပေးအဆင့် သတ်မှတ်ပြီး ခြောက်လအတွင်း ပြန်လည်ထူထောင်‌ရေးကို ပြီးစီးအောင်လုပ်ရန်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စက်တင်ဘာ ၁၇ ရက်နေ့က နေပြည်တော်၌ပြုလုပ်သည့် သဘာဝဘေးအန္တာရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here