စစ်ကောင်စီ၏ ပစ်မှတ်ထားတိုက်ခိုက်မှု မခံရစေရန် KNDF က လူထုအား သတိပေးပြောဆို

0
156
Photo - KNDF

စစ်ကောင်စီတပ်က ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှု ပိုပြီးလုပ်ဆောင်လာသည့်အပြင် ထိခိုက်သေဆုံးမှုများလည်း ပိုများလာသည့်အတွက် သတိနှင့်နေထိုင်ကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပြည်သူများကို တိုက်တွန်းပြောဆိုလိုက်သည်။

ရှမ်း – ကရင်နီနယ်စပ် မိုးဗြဲမြို့နယ်ထဲကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်များနှင့်လည်း စစ်ရေးတင်းမာလာသည့်အတွက် အဆိုပါဒေသတွင် နေထိုင်ကြသည့် ဒေသခံများနှင့် စစ်ဘေးရှောင်များ သတိနှင့်နေထိုင်ကြရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ စောတာအယ်စိုးက ပြောသည်။

“ဘယ်နေရာနေနေ စစ်ကောင်စီက ဒီအနည်းဆုံးကတော့ လေယာဉ်တွေနဲ့ တိုက်ခိုက်နိုင်တယ်ပေါ့နော။ အဲတော့ ပြည်သူတွေအနေနဲ့ကတော့ လုံခြုံတဲ့နေရာပေါ့နော၊ လုံခြုံတဲ့နေရာဆိုတာက လေယာဉ်တွေဒရုန်းတွေ ကိုယ့်ကို မမြင်နိုင်တဲ့နေရာတွေမှာ နေထိုင်ကြဖို့ အကြံပြုလိုတယ်ပေါ့နော်” ၎င်းက ဆိုသည်။

ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့နယ်ထဲကို စစ်ကောင်စီစစ်က နိုဝင်ဘာလမှစတင်၍ အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးနေပြီး စစ်အင်အားတိုးချဲ့နေသည်ဟု တော်လှန်ရေးတပ်များက ပြောသည်။

စစ်ကောင်စီတပ်သည် လက်ရှိတွင် ခေတ်မှီဒရုန်းများနှင့် လူစုလူဝေးရှိနေသည့် နေရာများ၊ စစ်ရှောင်စခန်းများကို ကင်းထောက်လှမ်းပြီး ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်းများ ရှိနေသည့်အတွက် KNDF က ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် ရှမ်း – ကရင်နီနယ်စပ်၊ မိုးဗြဲမြို့အနီးက အေလာကွင်း စစ်ရှောင်စခန်းကို စစ်ကောင်စီက လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးနှင့် ကလေးများအပါအဝင် ၃ ဦးသေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

အလားတူ ဖယ်ခုံမြို့နယ်အနောက်ခြမ်းက ဆိုင်ခွန်ကျေးရွာအနီးကိုလည်း ဒီဇင်ဘာလ ၃ ရက်နေ့၊ နံနက် ၃ နာရီအချိန်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် လေကြောင်းနှင့် လက်နက်ကြီးတို့ကို သတိပြုကြရန်နှင့် လေယာဉ်သံ၊ ဒရုန်းသံများကြားပါက လုံခြုံနိုင်သည့်နေရာများတွင် အမြန်ဆုံးရွှေ့ပြောင်းနေထိုင်ကြရန် စောတာအယ်စိုးက သတိပေးပြောဆိုသည်။

“နောက်ပြီးတော့မှ နေထိုင်တဲ့နေရာတွေမှာ ဗုံးခိုကျင်းတွေ လုပ်ထားဖို့ပေါ့နော။ ဒါမှလည်း လက်နက်ကြီးတွေ လေယာဉ်တွေလာတဲ့အခါမှာ အကာအကွယ်ဖြစ်အောင်လို့ ဖြစ်ပါတယ်။ လေယာဉ်ဒဏ်တွေ လက်နက်ကြီးဒဏ်တွေကို အာရုံစိုက် နားထောင်စေချင်ပါတယ်။ ဒါမှလည်း လေယာဉ်တွေ ကိုယ့်ဆီလာပြီဆိုရင် လေယာဉ်သံကြားပြီဆိုတာနဲ့ မပေါ့လျော့ဘဲနဲ့ ကာကွယ်ရေးအစီအမံတွေ ဗုံးခိုကျင်းတွေဆီသွားပြီးမှ ပုန်းခိုတာမျိုးတွေလုပ်ဖို့ ထပ်မံအသိပေးချင်ပါတယ်” ၎င်းက ပြောသည်။

မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်တို့ နိုဝင်ဘာလ ၁၄ ရက်နေ့ကစတင်ပြီး တကျော့ပြန်တိုက်ပွဲ ပြန်ပြီးဖြစ်ပွားနေသောကြောင့် ဒေသခံပြည်သူများ တိမ်းရှောင်နေကြရသည်။

လက်ရှိတွင်လည်း တိုက်ပွဲဖြစ်ပွားနေသည့် နေရာများသာမက တိုက်ပွဲမဖြစ်သည့်နေရာများကိုပါ စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကို ရည်ရွယ်ချက်ရှိရှိနှင့် ခပ်စိပ်စိပ် လုပ်လာနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့များ ပြောဆိုသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here