စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စစ်မှန်မည်မဟုတ်ဟု KIA ပြောဆိုခွင့်ရှိသူ သုံးသပ်ပြောဆို

0
399
ပုံစာ - KIO/KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူ

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲသည် စစ်မှန်သည့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲမဟုတ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ပြောဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

လာမည့် အောက်တိုဘာလ ၁၅ ရက်တွင် ကျရောက်သည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခဲ့သည့် (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို တက်ရောက်ရန် စစ်ကောင်စီမှ ဖိတ်ကြားခဲ့သော်လည်း KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီး မုန်လိုင်ခက်စစ်ရှောင်စခန်းကို စစ်ကောင်စီမှ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ဗိုလ်မှူးကြီးနော်ဘူက “ဆွေးနွေးပွဲတက်ဖို့ ဖိတ်လာတာတော့ ရှိပါတယ်။ ဒါပေမဲ့ သူတို့ပြောတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ဆိုတာ အခုလိုမျိုး ပြည်သူလူထုကို သတ်ဖြတ်ပြီး နိုင်ငံရေး ဆွေးနွေးတာ၊ ငြိမ်းချမ်းရေး ဆွေးနွေးတာဆိုတာ သဘာဝမကျပါဘူး။ ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဟုတ်မယ်လို့ ကျနော်တို့ မထင်ဘူး” ဟု ပြောသည်။

NCA (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်ရန် စစ်ကောင်စီ၏ ဖိတ်ကြားမှုနှင့်ပတ်သက်ပြီး ဗဟိုကော်မတီမှ သီးခြားထုတ်ပြန် ပြောဆိုမှု မရှိသေးကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ဆက်ပြောသည်။

“ အခုထိတော့ ဗဟိုကော်မတီကနေ တရားဝင် ဘာမှထုတ်ပြန်တာ မရှိသေးဘူး၊ ကျနော်တို့ကို သတင်းဌာနတွေကို ပြောတာ မရှိသေးဘူးဆိုတော့ အခမ်းအနားကို တက်မလား၊ မတက်ဘူးလား ဆိုတာကိုတော့ မသိရသေးဘူးပေါ့နော်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

NCA (၈) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်း များနှင့် လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း ဖိတ်ကြား ထားကြောင်း စစ်ကောင်စီဘက်မှ သတင်းထုတ်ပြန်ထားသည်။

NCA (၈) နှစ်ပြည့် အခမ်းအနားကို NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA-PC)၊ လားဟူးဒီမိုကရက်တစ်အစည်းအရုံး (LDU)နှင့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO) တို့က တက်ရောက်မည်ဖြစ်ကြောင်း ကြားသိရသည်။

သို့သော် NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် (၁၀) ဖွဲ့အနက် ချင်းအမျိုးသားတပ်ဦး (CNF)၊မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း PPST အဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှားမှု မရှိတော့ပေ။

စစ်တပ်၏ မတရားအာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ပျက်ပြယ် သွားပြီဟု KNU – ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ပဒိုစောတာဒိုမူးက ဩဂုတ်လ ၁၀ ရက်တွင် ပြုလုပ်ခဲ့သည့် (၁၇) ကြိမ်မြောက် အစည်းအရုံးကွန်ဂရက်အပြီး ပထမဦးဆုံး ရက် (၁၀၀) အတွင်း လုပ်ဆောင်ခဲ့မှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here