30 ဇွန် 2025 /

See today's Peace Related News

Homeသတင်းစစ်ကောင်စီလက်ချက်ကြောင့် မတ်လတစ်လအတွင်း အမျိုးသမီး ၆၆ ဦးသေဆုံး

စစ်ကောင်စီလက်ချက်ကြောင့် မတ်လတစ်လအတွင်း အမျိုးသမီး ၆၆ ဦးသေဆုံး

မြန်မာနိုင်ငံတဝှမ်း ပြီးခဲ့သည့်မတ်လအတွင်း စစ်ကောင်စီ၏လက်ချက်ကြောင့် အမျိုးသမီး ၆၆ ဦးထိသေဆုံးခဲ့ပြီး ၈၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ဧပြီလ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။

ယင်းအပြင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့် သဘာဝဘေးဒဏ်ကြောင့် နိုင်ငံတဝှမ်းပူဆွေးနေရချိန်တွင် စစ်ကောင်စီက ယခင်လတွေထက် လေကြောင်းတိုက်ခိုက်မှုကို ပိုမိုအသုံးပြုနေသည်ကို တွေ့ရကြောင်းနှင့် စစ်ကြောင်းထိုးရင်း အမျိုးသမီးများကို အကြမ်းဖက်သတ်ဖြတ်သည်ကို တွေ့ရကြောင်း BWU တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“လေကြောင်းတိုက်ခိုက်မှုအပြင် ဒီလထဲမှာဆိုရင် သေဒဏ်ပေးတာ၊ အမျိုးသမီးတွေကို စစ်ကြောင်းထိုးရင်း အပြစ်မဲ့သတ်ဖြတ်တာ၊ အကြမ်းဖက်ပြီးတော့ သတ်ဖြတ်တာတွေ တွေ့ရတယ်။ အရင်နဲ့မတူတဲ့ ထူးခြားတာတွေ ပြောဆိုရင် ဒါတွေပြောလို့ရတယ်။ ပြီးတော့ နောက်ထပ်ထူးခြားမှုက ဘာရှိလဲဆိုရင် လေကြောင်းတိုက်ခိုက် မှုတွေက အရင်လတွေထက်စာရင် အကြိမ်ရေစိပ်လာတာတွေ့ရတယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့နှင့် မန္တလေးမြို့တို့ကို ဦးတည်လှုပ်ခတ်ခဲ့သည့် အားပြင်းငလျင်ဒဏ် ကြောင့် သေဆုံးသူ ထောင်နှင့်ချီ ရှိခဲ့ချိန်တွင်လည်း စစ်ကောင်စီတပ်က စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် အမျိုးမျိုးသော ရာဇဝတ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေဆဲဖြစ်သည်ဟု BWU ၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

သေဆုံးခဲ့သူထဲတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅၀ ဦး၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ၅ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၂ ဦးနှင့် သတ်ဖြတ်ခံရမှုကြောင့် ၇ ဦး၊ မီးရှို့သတ်ဖြတ်မှုကြောင့် ၁ ဦးနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ၁ ဦး သေဆုံးခဲ့ရသည်ဟု BWU ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းအပြင် သေဆုံးသူ ၆၆ ဦးထဲ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၂၄ ဦးအထိ ပါဝင်ပြီး၊ စစ်ကောင်စီလက်ချက်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၈ ဦး အထိ ရှိခဲ့သည်ဟု BWU က ပြောဆိုသည်။

ထိုအချက်အလက်များသည် သတင်းမီဒီယာများအပြင် မြေပြင်မှအချက်အလက်ကောက်ယူထားသည်များကို ပြန်လည်တင်ပြခြင်းဖြစ်ပြီး မြေပြင်သတင်းများကို လက်လှမ်းမှီရန် အမျိုးမျိုးသောအခက်အခဲရှိတာကြောင့် မြေပြင်၌ သေဆုံးထိခိုက်ဒဏ်ရာ ရရှိသူဦးရေကိန်းဂဏန်းသည် ပိုများပြားနိုင်တယ်ဟု BWU ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“ကျမတို့ ဒီလိုအမျိုးသမီးတွေသေဆုံးမှုကို လစဥ်ထုတ်ပြန်နေရတဲ့ရည်ရွယ်ချက်ကတော့ ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုရရှိဖို့အတွက် ဦးတည်ပြီးလုပ်ဆောင်နေတာဖြစ်တယ်။ ဒီလိုအချက်လက် တွေက ကျမတို့ စည်းရုံးရေးခရီးစဥ်မှာပဲဖြစ်ဖြစ် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့ပြောနေတာဖြစ်ဖြစ် ဒီလို အချက်အလက်တွေကိုင်ပြီးတော့မှ ပြောနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်ရခြင်းဖြစ်တယ်” ဟု BWU တာဝန်ရှိသူက ဆက်ပြောသည်။

သေဆုံးသူ ၆၆ ဦးထဲတွင် ကချင်ပြည်နယ်က ၂ ဦး ပါဝင်ပြီး မကွေးတိုင်းက ၁၅ ဦးဖြင့် အများဆုံးသေဆုံးခဲ့ရသလို၊ မန္တလေးနှင့် ရှမ်းပြည်နယ်က ၁၂ ဦး၊ စစ်ကိုင်းတိုင်းက ၉ ဦး အပါအဝင် ပဲခူးတိုင်းက ၇ ဦး၊ ကရင်နီ၊ ကရင်၊ တနင်္သာရီ၊ ရခိုင်တို့က ၂ ဦးနှင့် ဧရာဝတီတိုင်းက ၁ ဦး သေဆုံးခဲ့သည်ဟု BWU ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ တစ်လတာအတွင်းလည်း နိုင်ငံတဝှမ်း အမျိုးသမီး ၆၆ ဦးအထိ သေဆုံးခဲ့ပြီး ယင်းတို့ထဲတွင် ကချင်ပြည်နယ်တွင် သေဆုံးသည့် အမျိုးသမီး ၆ ဦးအထိ ရှိခဲ့သည်။

အင်အားပြင်းငလျင်ဒဏ်ကြောင့် အပစ်ရပ်၊ ထိုးစစ်ရပ်ကြောင်း KIA အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့များအပြင် စစ်ကောင်စီတပ်ဘက်ကပါ အပြန်အလှန် ထုတ်ပြန်ထားကြသော်လည်း နိုင်ငံတစ်ဝှမ်း နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းတိုက်ခိုက်မှုကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။

KNG ပေးပို့သည်။