စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် မောင်မယ်ရှောင်ရွာခံများ ရိုက်နှက်စစ်ဆေးခံရ

0
365
ပုံစာ - မောင်မယ်ရှောင်ကျေးရွာ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ မောင်မယ်ရှောင်ရွာအနီးတွင် စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရွာခံ ၂၀ ဦးခန့်ကို စစ်ကောင်စီတပ်က ရိုက်နှက်စစ်ဆေးခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

“မိုင်းဆွဲခံရပြီးတော့ သူတို့ရွာထဲကို ဝင်လာတယ်။ ၂ နှစ်အရွယ်ကလေးရော အယောက် ၂၀ လောက်ကို ထိုင်ခိုင်းထားတယ်။ ရိုက်နှက်ပြီး စစ်တာပေါ့ဗျာ။ စစ်ပြီးတော့ အားလုံးတော့ ပြန်လွတ်တယ်။ ရွာက ဆိုင်ကယ်တွေ ကိုလည်း ကားပေါ်တင်သွားသေးတယ်” ဟု လောင်းလုံးပကဖ တာဝန်ခံက ပြောသည်။

အင်အား ၁၀၀ ခန့် ပါဝင်သည့် စစ်ကောင်စီယာဉ်တန်းသည် မောင်မယ်ရှောင်ရွာမှ ဇဟာရွာဘက်သို့ ဖြတ်သန်းသွားစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က ဇန်နဝါရီလ ၁၈ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က မောင်မယ်ရှောင်ရွာထဲ ဝင်ရောက်လာပြီး ဒေသခံ ၂၀ ခန့်ကို ရိုက်နှက်စစ်ဆေးခဲ့သည့်အပြင် ရွာသားများ၏ ဆိုင်ကယ်များနှင့် လက်ကိုင်ဖုန်းများကိုလည်း သိမ်းဆည်း သွားကြောင်းလည်း လောင်းလုံးပကဖ တာဝန်ခံက ဆက်ပြောသည်။

ဒေသခံများအားလုံး ပြန်လည်လွတ်မြောက်လာသော်လည်း စစ်ကောင်စီတပ်များ နောက်ထပ် ပြန်လည်ဝင်ရောက်လာမည်ကို ဒေသခံတို့က စိုးရိမ်နေကြကြောင်း သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်၍ စစ်ကောင်စီစစ်ကြောင်းနှင့် ယာဉ်တန်းများသည် မောင်မယ်ရှောင်ရွာနှင့် အနီးတဝိုက်တွင် မကြာခဏ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here