ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့တွင် ဖြစ်ပွားနေသော တိုက်ပွဲနှင့်ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြေပြင်တွင် ဖြစ်ပျက်နေသည်များနှင့် ကွဲလွဲစွာ ဝါဒဖြန့်သတင်းအမှားများ ထုတ်ပြန်နေ သည်ဟု ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ထောက်ပြလိုက်သည်။
အောက်တိုဘာ ၁၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက လွိုင်ကော်တက္ကသိုလ်အား ကရင်နီလက်နက်ကိုင်များမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်ပြီး တက္ကသိုလ်ဝင်းအတွင်းရှိ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ကျောင်းသူများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်မှုများ ပြုလုပ်ခဲ့သည်ဟု ပြောဆိုထားသည်။
ထို့အပြင် KNPP နှင့် PDF များ၏ လက်နက်များနှင့် အလောင်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့ပြီး မိမိတို့ဘက်မှ လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။
ထိုကဲ့သို့ စစ်ကောင်စီ၏ ထုတ်ပြန်ဝါဒဖြန့်မှုနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် မယုံကြည်ကြရန်၊ မိမိကိုယ်ကို လုံခြုံအောင်နေခြင်းအားဖြင့် တော်လှန်ရေးတွင် ပါဝင်ကူညီကြရန် IEC တာဝန်ရှိသူများက ပြောသည်။
IEC အတွင်းရေးမှူး ခူးပလုရယ်က “အခြေခံအားဖြင့်တော့ ပြည်သူလူထုတွေက မိမိကိုယ်ကို ဘေးကင်းလုံခြုံအောင် ကြိုးစားပြီးမှ နေထိုင်တာ လုံခြုံရေးသတိနဲ့ နေတာတွေက တော်လှန်ရေးကို အများကြီး အထောက်အကူ ပြုပါတယ်။ နောက်တချက်ကတော့ သတင်းအချက်လက်တွေကို အမှန်တိုင်းရရှိနိုင်ဖို့နဲ့ ခွဲခြမ်းစိတ်ဖြာ သုံးသပ်နိုင်ဖို့ လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေး စစ်ရေးအခြေနေတွေက သတင်းမှား သတင်းလိမ်တွေ အများကြီးရှိတယ်ပေါ့နော်၊ ဝါဒဖြန့်တာမှိုင်းတိုက်တဲ့ဟာ အများကြီးရှိတယ်။ အဲ့ဒါကြောင့် သတင်းမှားတွေကို အရမ်းမယုံမိဖို့ ရလာတဲ့သတင်းအချက်လက်တွေကိုလည်း စီစစ်သုံးသပ်နိုင်ဖို့ ဒါတွေကိုလည်း ပြည်သူလူထုက အသေအချာ လုပ်နိုင်ရင်ဖြင့် တော့လှန်ရေးကို အထောက်ကူပြုပါတယ်လို့ အခြေခံကျတဲ့ အချက်တွေကို ပြောချင်ပါတယ်” ဟု ပြောဆိုသည်။
လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်း ၁၃၄ ဦးနှင့် ၎င်းတို့၏ မိသားစုများကို လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေးများနှင့် အညီ ဘေးကင်းလုံခြုံစွာ ပြောင်းရွှေ့ စောင့်ရှောက်ထားသည်ဟု IEC ၏ သတင်းထုတ်ပြန်ချက်တွင် ရုပ်ပုံနှင့် တကွဖော်ပြထားသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်ခဲ့သော ကရင်နီတော်လှန်ရေး တပ်ပေါင်းစု၏ ၁၁.၁၁ စစ်ဆင်ရေးမှာ ယနေ့ အချိန်ထိ နှစ်ဖက်ကြားတိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။
နှစ်ဘက်အပြိုင် စစ်ရေးအရ ထိန်းချုပ်နိုင်ရန် ကြိုးစားနေချိန်၌ စစ်ကောင်စီတပ်များအနေဖြင့် အမြန်ဆုံး အလင်းဝင်ကြရန်လည်း ခူးပလုရယ်မှ ယခုလိုတိုက်တွန်းပြောဆိုသည်။
“စစ်ကောင်စီ တပ်သားတွေ အနေနဲ့ ဒီလို CDM လုပ်ဖို့ဆိုရင် အခု ကျနော်တို့ ကရင်နီမှာက လောလောဆယ် နှစ်ခုရှိပါတယ်။ တစ်ခုက ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ရဲ့ ကရင်နီ ပြည်သူ့ရင်ခွင်ခိုလှုံရေး CDM ဌာန ဆိုတာရှိပါတယ်။ အဲဒီဌာနကို ဆက်သွယ်ပြီးတော့မှ CDM လုပ်တာ ဘက်ပြောင်း ခိုလှုံတာ လုပ်လို့ ရပါတယ်။ ပြီးရင်တော့ KNPP က ဘက်ပြောင်း CDM ကြီးကြပ်ရေး ကော်မတီဆိုတာကိုလည်း ဖွဲ့ထားတာ ရှိပါတယ်။ ဒီကော်မတီတွေနဲ့ ချိတ်ဆက်ပြီးတော့မှ ဘက်ပြောင်းခိုလှုံတဲ့ အစီစဥ်မှာ ပါဝင်လို့ရပါတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်သားများ အနေဖြင့် CDM ပြုလုပ်လိုလျှင် ကရင်နီပြည်သူ့ရင်ခွင်၏ Facebook Page၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ၏ ဘက်ပြောင်း CDM ကြည့်ကြပ်ရေးကော်မတီတို့ကို ဆက်သွယ်နိုင် ကြောင်း၊ ဆက်သွယ်လာသူများကို စနစ်တကျ လက်ခံဆောင်ရွက်ပေးနေကြောင်း အတွင်းရေးမှုး ခူးပလုရယ်က ဆိုသည်။
နိုဝင်ဘာလ ပထမအပတ်ထဲတွင် ရဲအရာရှိတစ်ဦးမှာ မိသားစုနှင့်တစ်ကွ လက်နက်နှင့်အတူ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF B-02 ထံ ဆက်သွယ်၍ ခိုလှုံလာခဲ့ကြောင်း သိရသည်။
NMG ပေးပို့သည်။