စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ပြန်လွတ်လာသူတချို့ စိတ်ပိုင်းဆိုင်ရာခံစားနေရဟုဆို

0
406
ပုံစာ - ရေးမြို့ရှိ စစ်ကောင်စီဖမ်းဆီးပြီးနောက် ပြန်လွတ်လာသူတချို့ စိတ်ပိုင်းဆိုင်ရာခံစားနေရသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် မွန်ပြည်နယ်၊ ရေးမြို့အတွင်းက ဒေသခံအရပ်သားတချို့ စိတ်ပိုင်းဆိုင်ရာ ခံစားရမှုများရှိနေပြီး ဆေးကုသမှု ခံယူနေရကြောင်း ၎င်းတို့နှင့် နီးစပ်သူများထံမှ သိရသည်။

ယင်းအပြင် ရေးမြို့နယ်၊ မော့ကနင်အခြေစိုက် စစ်ကောင်စီတပ် ခမရ- ၅၈၈ တပ်ရင်းမှ ဒေသခံအရပ်သား ပြည်သူများကို မတရားဖမ်းဆီးပြီး ပြန်လွှတ်ရန် ငွေကြေးအဆမတန် တောင်းခံနေမှုများ ရှိသည်ဟု ဒေသခံများက ပြောဆိုသည်။

ဖမ်းဆီးခံရသူများအနက် ငွေပေးနိုင်သူက ညှင်းပန်းနှိပ်စက် ခံရမှု မရှိသော်လည်း ငွေမပေးနိုင်သူ တချို့မှာ ညှင်းပန်းနှိပ်စက် ခံရပြီးမှ ပြန်လွတ်လာကြောင်းနှင့် တချို့ဆိုလျှင် စိတ်ပိုင်းဆိုင်ရာ ခံစားရနေရပြီး ဆေးကုသမှု ခံယူနေရသည်ဟု ပြန်လွတ်လာသူတစ်ဦးနှင့် ဆွေမျိုးတော်စပ်သူက ပြောပြသည်။

“သူတို့ (စစ်ကောင်စီတပ်) ဖမ်းသွားတဲ့အချိန်မှာ ရိုက်နှက်ခဲ့တာတွေကြောင့် အခု ပြန်လွတ်လာတဲ့ တစ်ယောက် ကဆို ပုံမှန် မဖြစ်နေတော့ဘူး။ အခုဆို သူ့ကို အပြင်က ဆရာဝန်တွေခေါ်ပြီး ဓာတ်မှန်ရိုက်တာတို့၊ ဘာတို့၊ လုပ်နေ ရတယ်။ ကုန်နေတာကလည်း မနည်းဘူး။ ညပိုင်းဆို သူက မအိပ်တော့ဘူး။ လျှောက်သွားလျှောက်လာ လုပ်နေတယ်။ သူ့စိတ်က ပုံမှန်မဟုတ်နေတော့ဘူး။ ဘယ်လို ရိုက်နှက်ခံထားရလဲတော့ မသိဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ၏ ဖမ်းဆီးခံရသူအများစုသည် ခြံလုပ်သားများဖြစ်ပြီး ပြန်လွှတ်ရန်အတွက် တစ်ဦးလျှင် ကျပ် ၁၀ သိန်း မှ သိန်း ၄၀ အထိ ပေးဆောင်ရကြောင်းနှင့် တချို့ကိုလည်း လူသားဒိုင်အဖြစ် အသုံးပြုရန် ဖမ်းဆီးနေမှု လည်း ရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။

ထိုသို့ စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီးနောက် ပြန်လွှတ်ပေးရန် ငွေပေးနေရသည့်အတွက် ဒေသခံများအကြား စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေသည်ဟု ရေးမြို့ခံတစ်ဦးက ဆိုသည်။

“တစ်ယောက် ၁၀ သိန်း ဆိုပြီး တောင်းတယ်။ အချို့ သိန်း ၄၀ တောင်းတာလဲ ရှိတယ်။ အဲလိုဆို မပေးနိုင်လို့ ညှိနှိုင်းလိုက်ရင် နည်းနည်းလျှော့ပေးတာပေါ့။ အများစုက ခြံမှာအလုပ်လုပ်ရင်း အဖမ်းခံရတာများတယ်” ဟု အဆိုပါရေးမြို့ခံက ပြောသည်။

ပြန်လွတ်လာသူတို့၏ ပြောဆိုချက်အရ ဖမ်းဆီးခံရပြီး ငွေပေးရသည့်ကိစ္စကို လူမှုကွန်ရက်စာမျက်နှာ (Facebook) တွင် မတင်ရန်နှင့် သတင်းမဖြန့်ရန် စစ်ကောင်စီတပ်က ခြိမ်းခြောက်ထားကြောင်းလည်း ဒေသခံတို့၏ ပြောဆိုမှုအရ သိသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ရေးမြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သားဒေသခံများကို မတရား ဖမ်းဆီးပြီး ငွေညှစ်တောင်းခံနေသည့်အပြင် ပစ်ခတ် ဖမ်းဆီးတာ၊ တော်လှန်ရေးတပ်ဖွဲ့တို့နှင့် ဆက်စပ်သည်ဆိုပြီး ဖမ်းဆီးအမှုဖွင့်တာတွေလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ရေးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့ အကြား စစ်ရေး ပြင်းထန်လျက် ရှိနေသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here