စစ်ကောင်စီစစ်ကြောင်း PDF ခြုံခိုတိုက်ခိုက် ၅ ဦး သေဆုံး

0
409
Photo - NMG

တနင်္သာရီမြို့နယ်အတွင်း ရှေ့တန်းစခန်း တစ်ခုသို့ လက်နက်နှင့် ရိက္ခာများသွားပို့ပေးပြီး ပြန်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခြုံခိုတိုက်ခိုက်ခဲ့ရာ ၅ ဦး သေဆုံးခဲ့သည်ဟု PDF ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ – ၅၆၁ မှ အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကို ကျွဲထိန်းကုန်းကျေးရွာနှင့် တောင်ဘိန်းကျေးရွာ အကြားတွင် လက်ဦးမှုရယူပြီး စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု PDF ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် မြိတ်ခရိုင် တပ်ရင်း – ၂ တပ်ဖွဲ့ဝင် တစ်ဦးက “သူတို့က တောလမ်းကနေ ဖြတ်ပြီး ခြေလျင်လာတာပါ၊ မိုင်းစ ခွဲလိုက်တာနဲ့ ၆ ယောက်လောက် လေပေါ် မြောက်တက်သွားတာ မြင်လိုက် ရတယ်။ ဒဏ်ရာရသူတွေလဲ ရှိလိမ့်အုန်းမှာ သေချာတယ်” ဟု ပြောသည်။

သိန္ဓောကျေးရွာရှိ ရှေ့တန်းစခန်းသို့ လက်နက်နှင့်ရိက္ခာများ သွားပို့ပြီး ပြန်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို ဇွန်လ ၁၂ ရက်နေ့၊ နံနက် ၁၁ နာရီခန့်က ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် စတင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပူးပေါင်းအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။

မိုင်းကွဲပြီးနောက် နှစ်ဖက်အကြား တိုက်ပွဲ တစ်နာရီခန့်အကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လက်နက်ငယ်များ အပြင် ၄၀ မမ နှင့် ၆၀ မမ လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့မှုများကြောင့် လက်နက်ကြီးကျည် ထိမှန်ပြီး သိန္ဓောကျေးရွာထဲရှိ နေအိမ်တစ်ဆောင် ထိခိုက်ပျက်စီးခဲ့သည်ဟု ၎င်းက ဆိုသည်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ဦး ထက် မနည်း ထိခိုက်သေဆုံးပြီး ဒဏ်ရာရသွားသူများလည်း ရှိသည်ဟု အဆိုပါ PDF ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် တပ်ရင်း -၂ နှင့် တနင်္သာရီ ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

ယင်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး ၄၀ မမ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ) အနည်းငယ် ရရှိခဲ့သည်ဟု တနင်္သာရီ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ က ပြောသည်။

အလားတူ ဇွန်လ ၁၂ ရက်၊ နံနက် ၉ နာရီခန့်က ဘန်ကျုတ်ကျေးရွာအနီး လမ်းလုံခြုံရေး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်နှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာတွင် တိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်မှု တစုံတရာမရှိခဲ့ကြောင်း PDF ပူးပေါင်းအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

NMG ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here