စစ်ကောင်စီခန့် ရွာအုပ်ချုပ်ရေးမှူး နှစ်ပတ်အတွင်း သေနတ်ဖြင့် ၂ ကြိမ် ပစ်ခတ်ခံရ

0
285
Photo - NMG

တနင်္သာရီတိုင်း အတွင်းရှိ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးသည် နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်ခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးမှာ ဦးဇော်ဝမ်း အသက် ၄၀ နှစ် ဆိုသူ ဖြစ်ပြီး ဇွန်လ ၁၃ ရက် နေ့လယ်ပိုင်းက သရက်ချောင်း မြို့မှ ပြင်းဖြူသား ကျေးရွာသို့ ကားဖြင့် ပြန်လာစဉ် အနောက်မှ ကပ်လိုက် ပါလာသည့် ဆိုင်ကယ်ဖြင့် လူနှစ်ဦးက သေနတ်ဖြင့် လိုက်လံ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ပြင်းဖြူသားကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက “လက်မောင်းကို သေနတ်ကျည်ထိပြီး ထားဝယ်ဘက် ချက်ခြင်း ပြန်တက်သွားတယ်။ ရွာမှာတော့ ဘာမှမဖြစ်ခဲ့သလို သတင်းကို ဖုံးထားတယ်။ သူ က ပျူစောထီး ခေါင်းဆောင်လည်း လုပ်နေတယ်” ဟု ပြောသည်။

သရက်ချောင်းမြို့နယ် ပိတိုင်ကျေးရွာနှင့် ချောက်ချောင်းကျေးရွာ အကြားတွင် ဦးဇော်ဝမ်း ပစ်ခတ်ခံရခြင်းဖြစ်ပြီး ယခု ပစ်ခတ်ခံရမှုသည် နှစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက် ပစ်ခတ်တိုက်ခိုက်ခံရခြင်းလည်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဦးဇော်ဝမ်းသည် ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီ အရပ်သားအစိုးရ လက်ထက်တွင် အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီခန့် ကျေးအုပ်ချုပ်ရေးမှူး အဖြစ် ဆက်လက် လုပ်ကိုင်နေသူ ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

ပထမအကြိမ် တိုက်ခိုက်ခံရမှုမှာ ဇွန်လ ၂ ရက် မွန်းတည့်ချိန်ခန့်က ဦးဇော်ဝမ်းနှင့် ကျောင်းဆရာမ ၃ ဦး တို့ ကျောင်းသုံးစာအုပ်များ ထုတ်ပြီး သရက်ချောင်းမြို့မှ ပရိုဘောက်စ်ကားဖြင့် ပြန်လာစဉ် ချောက်ချောင်း ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက် ခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရချိန်က ဦးဇော်ဝမ်း လိုက်ပါလာသည့် ကား မဖြတ်သန်းမီ မိုင်းက ကြိုတင်ပေါက်ကွဲ သွားခဲ့သဖြင့် ကံကောင်း ထောက်မစွာ အသက်ဘေးမှ လွတ်မြောက်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းနှင့်နီးစပ်သူတချို့က ပြောဆိုသည်။

သရက်ချောင်းမြို့နယ် အတွင်းရှိ သိမ်ကုန်းရွာ၊ ဝဲရစ်ရွာ၊ ကမြိုင် ရွာ၊ ရငဲရွာ၊ ကျွဲမင်းကုန်းရွာ၊ ကနက်သီရိ ကျေးရွာများထဲသို့ စစ်ကောင်စီက နယ်မြေစိုးမိုးရေးနှင့် ရှင်းလင်းရေး အတွက် စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများဖြစ်ပွားနေသဖြင့် နှစ်ဘက်အကြား စစ်ရေးတင်းမာနေသည်ဟု ဒေသခံများက ပြောသည်။

သရက်ချောင်း မြို့နယ်အတွင်း မြိတ် – ထားဝယ်သွား ပြည်ထောင်စု ကားလမ်းမကြီးပေါ် ခရီးသွားလာသည့် ပြည်သူများ အနေဖြင့် ည ၉ နာရီမှ နံနက် ၆ နာရီ အတွင်း ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက အသိပေးကြေညာထားသည်။

NMG ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here