စစ်ကောင်စီက သံတောင်တွင် ဒေသခံအမျိုးသားနှစ်ဦးကို ပစ်သတ်ပြီး နေအိမ် ၄ လုံး မီးရှို့ဖျက်ဆီး

0
317
ပုံစာ - စစ်ကောင်စီကမီးရှို့ဖျက်ဆီးခဲ့သည့် သံတောင်ဒေသခံနေအိမ်တစ်အိမ်

ကရင်ပြည်နယ်၊ သံတောင်မြို့ ၁၃ မိုင်တွင် နယ်မြေခံ တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့ ထိတွေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် အမျိုးသားလူငယ် ၂ ဦး စစ်ကောင်စီ ပစ်သတ်ခြင်းခံရပြီး နေအိမ် ၄ လုံးကို လည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

သံတောင်မြို့တွင် ဇူလိုင်လ ၇ ရက်နေ့က စစ်ကောင်စီတပ်သည် မြို့တွင်းရှိ ဒေးမူလောရပ်ကွက်နေ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးကို တော်လှန်ရေးတပ်ဖွဲ့များနှင့် ပတ်သက်မှု ရှိသည်ဟု စွပ်စွဲ၍ နေအိမ်အတွင်း ဝင်ရောက်သတ်ဖြတ်ခဲ့ပြီး၊ ဇူလိုင်လ ၈ ရက်နေ့ကလည်း ပျားစခန်းရွာမှ သံတောင်မြို့သို့ ပြန်လာသည့် အသက်၂၅ နှစ် အရွယ်အမျိုးသားတစ်ဦးကို ထပ်မံစွပ်စွဲပြီး ပစ်သတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

“နှစ်ယောက်လုံးက သံတောင်မြို့သား သာမန်ပြည်သူတွေပါ။ ဘယ်အဖွဲ့ကမှ မဟုတ်ပါဘူး။ ပထမ တစ်ယောက်ကိုတော့ ရွာဘက် ပြန်သယ်ပြီး သဂြိုလ်တယ်၊ နောက်တစ်ယောက်က သူသေတဲ့နေရာမှာ စစ်တပ်က PDF ဆိုပြီး ပုံမှားရိုက်လို့ရအောင် သေနတ်တစ်လက်ထားခဲ့တော့ အလောင်းတောင် သွားမကောက်ရဲဘူး။ ပြည်သူတွေပဲလေဆိုပြီး အေးအေးဆေးဆေး ဆိုင်ကယ်နဲ့ အိမ်ပြန်လာတာကို လမ်းမှာ ပစ်သတ်ခံရတာ” ဟု ၎င်းတို့နှင့်နီးစပ်သူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ယင်းသို့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့က ဘုရားကျောင်းအနီးရှိ ဒေသခံများ ပိုင်ဆိုင်သော နေအိမ် ၄ လုံးကိုလည်း ကရင်အမျိုးသားအစည်းအရုံး-KNU တာဝန်ရှိသူတချို့၏ နေအိမ်ဟုဆိုပြီး စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“အုတ်နံရံမှာ ဖားစည်ပုံ အမှတ်တံဆိပ်ပန်းချီ ပုံဖော်ထားတာတွေ့လို့ KNU လူကြီးအိမ်ဆိုပြီး စစ်တပ်က မီးရှို့လိုက်တာ၊ ဘုရားကျောင်းနားက တိုက်အိမ်တွေပေါ့။ ဘယ်အဖွဲ့အစည်းအိမ်မှ မဟုတ်ဘူး ဒေသခံအိမ်တွေ ချည်းပဲ” ဟု ၎င်းက ပြောပြသည်။

သံတောင်မြို့တွင် ယခုနှစ်အစောပိုင်းက နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဒေသံအများစု နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြသည်။ မြို့တွင်း၌ ကျန်ရှိနေထိုင်သူများနှင့် ဖြတ်သန်းသွားလာသူများကို စစ်ကောင်စီက မကြာခဏ ဖမ်းဆီးစစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည်ဟု စွပ်စွဲ၍ ပစ်သတ်ခြင်း ရှိနေကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

လက်ရှိအချိန်ထိ ကေအဲန်ယူအဖွဲ့ဝင်နေအိမ်များ၊ ဘာသာရေး ခေါင်းဆောင်များ၏နေအိမ်များ အပါအဝင် ဒေသခံ နေအိမ်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များ ခိုအောင်းနေသည်ဟု စွပ်စွဲ၍ သော်လည်းကောင်း KNU ခေါင်းဆောင်ပိုင်း တချို့၏နေအိမ်ဟု ပြောဆို၍ သော်လည်းကောင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ် ၂၄ လုံး ထက်မနည်း ရှိပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here