စစ်ကောင်စီက ရွှေကူ၊ ရေလှဲကျေးရွာရှိ လူနေအိမ်ရာချီကိုမီးရှို့ဖျက်ဆီးပြီး ရွာသားတချို့ကိုဖမ်းဆီးခဲ့

0
262
ပုံစာ - စစ်ကောင်စီတပ်မီးရှို့လို့ ဧရာဝတီမြစ်တစ်ဖက်မှာရှိတဲ့ ရေလှဲကျေးရွာမီးလောင်နေသည်ကိုတွေ့ရပုံ။

ကချင်ပြည်နယ်၊ ရွှေကူမြို့ ဧရာဝတီမြစ်တစ်ဖက်မှာရှိတဲ့ ရေလှဲကျေးရွာကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၈ ရက်နေ့ မနက်ပိုင်းကနေ ဝင်ရောက်ခဲ့ပြီး လူနေအိမ်ရာချီကို မီးရှို့ဖျက်ဆီးတဲ့အပြင် ရွာသားတချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရသည်။

စက်တင်ဘာ ၁၈ ရက်နေ့ မနက် ၉ နာရီခွဲခန့်က ရွှေကူမြို့တွင်းတပ်ကနေ စစ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကြောင်းတစ်ကြောင်းသည် ရေယာဉ်မော်တော်တွေနဲ့ ရေလှဲကျေးရွာကို ဝင်ရောက်ခဲ့ပြီး လူနေအိမ်တွေကို မီးရှို့သွားတဲ့အပြင် ထွက်မပြေးလိုက်နိုင်တဲ့ ရွာသားတွေကိုလည်း ဖမ်းဆီးသွားတယ်လို့ တော်လှန်ရေးမှာ ပါဝင်နေသည့် ရွှေကူမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“စရှို့တာက ရေလှဲရွာအောက်ဘက်ကနေ စရှို့တာ၊ အခုမီးက ရေလှဲရွာရဲ့ အလယ်ခေါင်တည့်တည့်ရောက်နေပြီ မီးလောင်နေတုန်း ရေလှဲရဲ့တစ်ဝက်လောက်က ပြာကျသွားပြီ။ မီးခိုးလုံးတွေက ရွာအလယ်နားလောက် ရောက်သွားပြီဗျ” ဟု ရေလှဲရွာမီးလောင်နေတဲ့ မျက်မြင်တွေ့ရသည့် မြင်ကွင်းအခြေအနေကို ရွှေကူမြို့ခံ အမျိုးသားက ပြောပြသည်။

ရေလှဲကျေးရွာတွင် အိမ်ခြေ ၅၀၀ ကျော်ရှိပြီး မျက်မြင်တွေ့လိုက်ရတဲ့ ဒေသခံတွေရဲ့ ပြောဆိုမှုအရ အိမ်ခြေ ၂၀၀ နီးပါး မီးလောင်သွားတယ်လို့ ၎င်းတို့က ဆိုသည်။

ဒီစစ်ကြောင်းဟာ ရေလှဲကျေးရွာထဲ ရေမော်တော်ယာဉ်တွေနဲ့ ရုတ်တရက် ဝင်ရောက်လာတာဖြစ်လို့ ကျေးရွာသား တချို့ ထွက်ပြေးလိုက်နိုင်ပေမယ့် တချို့မှာ ထွက်မပြေးနိုင်ဘဲ ပိတ်မိရာကနေ ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရွာသားတွေက တိမ်းတဲ့လူလည်းတိမ်း မတိမ်းလိုက်ရတဲ့လူတွေလည်း ဖမ်းထားကုန်တယ်တဲ့။ ဘယ်နှစ်ယောက် လောက် ဖမ်းခံထားရလဲတော့ မသိရသေးဘူး။ လောလောဆယ်မှာ ပြာယာခတ်နေကြတာ သူ့နေရာကိုယ့်နေရာ ပြေးကြတာ”လို့ ၎င်းက ဆိုသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှာလည်း ရွှေကူမြို့ အရှေ့ခြမ်းမှာရှိတဲ့ မံဝင်း၊ နန့်လန်၊ နောင်လတ်ကြီး၊ စီသာ၊ စီသောင်း၊ စီမူလေး၊ စီမူကြီး အပါအဝင် ရွာပေါင်း ၁၂ ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေထံက သိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here