စစ်ကောင်စီက ဖမ်းဆီးသွားသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၇ ဦးထက်မနည်း သတင်းမရဘဲပျောက်ဆုံးနေ

0
139
Photo – Social Media

မွန်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့တို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၇ ဦးထက်မနည်းသည် ယနေ့အချိန်ထိ သတင်းအစအနမရရှိဘဲ ပျောက်ဆုံးနေသည်ဟု ဖမ်းဆီးခံရသည့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့နှင့် နီးစပ်သူတို့ ပြောဆိုချက်အရ သိရသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုနှင့် သံဖြူဇရပ်မြို့နယ်အတွင်းက လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၁၂ ဦးထက်မနည်းကို စစ်ကောင်စီတပ်တို့က ပြီးခဲ့သည့် ဇွန်လနှင့် စက်တင်ဘာလအတွင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖမ်းဆီးခံခဲ့ရသူများအနက်မှ တချို့သည် ငွေကြေးအမြောက်အများပေးပြီး ပြန်လည်လွတ်လာသူရှိသလို တချို့မှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရသူများလည်း ရှိနေသည်။

သံဖြူဇရပ်မြို့ခံတစ်ဦးက “ပြန်လွတ်လာတဲ့သူတွေက ပိုက်ဆံပေးထားရတယ်။ တစ်ယောက်ကို သိန်း ၅၀ အထက်လောက်တော့ရှိမယ်။ ၃ ယောက်ကိုတော့ တော်လှန်ရေးသမားတွေကို လက်နက်ထောက်ပံ့နေတာ၊ သူတို့တွေနဲ့ ဆက်စပ်နေတာပေါ့။ အဲဒါနဲ့ အမှုဖွင့်ထားတော့ ပိုက်ဆံပေးလည်း ပြန်မလွတ်ဘူးပေါ့” ဟု ပြောသည်။

လက်ရှိတွင် ကျိုက်ထိုနှင့် သံဖြူဇရပ်မြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ ၇ ဦးသည် မိသားစုဝင်တို့နှင့် အဆက်အသွယ်မရရှိသည့်အပြင် မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရကြောင်း မိသားစုဝင်နှင့် နီးစပ်သူတို့က ပြောဆိုသည်။

“သူတို့နဲ့ တွေ့ခွင့်လည်း မရှိဘူး။ မိသားစုနဲ့တောင် ပေးမတွေ့ဘူး။ ဘယ်မှာထားထားတာလဲ ဆိုတာလည်း သေချာ မသိဘူး။ ကြားသလောက်တော့ မော်လမြိုင်မှာတဲ့။ ၄ ယောက်ထဲမှာ ၁ ယောက်ကို ထောင်ချလိုက်တယ်လို့ကြားတယ်” ဟု ဖမ်းဆီးခံထားရသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦး၏ မိသားစုဝင်နှင့်နီးစပ်သည့် ကျိုက်ထိုဒေသခံက ပြောသည်။

ဖမ်းဆီးခံရသည့် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များကို စစ်ကောင်စီတပ်ဘက်က စစ်ဆေးစဉ် ရိုက်နှက်မှုများ ရှိနေသည့်အတွက် အသက်အန္တရာယ် စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

သံဖြူဇရပ်မြို့အခြေစိုက် “ပိုင်ရှင်မဲ့” လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ဝင် ၈ ဦးသည် စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တို့၏ ဖမ်းဆီးမှု ခံခဲ့ရပြီးနောက် အဖွဲ့ဝင် ၅ ဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့ပြီး ကျန် ၃ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်ခံထားရသည်ဟု သိရသည်။

အလားတူ ကျိုက်ထိုအခြေစိုက် “ကော့စနိုင်” လူမှုကူညီရေးအဖွဲ့ဝင် ၄ ဦးကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တစ်ဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မဖြင့် နိုဝင်ဘာလကုန်ပိုင်းခန့်က နှစ်ရှည်ထောင်ဒဏ် ချမှတ်ခဲ့ပြီး ကျန်အဖွဲ့ဝင်များမှာ ထိန်းသိမ်းခံထားရဆဲဖြစ်သည်။

မွန်ပြည်နယ်တွင် တော်လှန်ရေးတပ်ဖွဲ့ လှုပ်ရှားမှုအားကောင်းသည့် ရေး၊ သံဖြူဇရပ်၊ ပေါင်၊ ဘီးလင်း၊ ကျိုက်ထိုနှင့် သထုံမြို့နယ်အတွင်းက လူမှုကူညီရေးအဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့တိုနှင့် ဆက်သွယ်ခြင်း၊ သတင်းပေးခြင်း၊ ထောက်ပံ့ခြင်းဆိုသည့် စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့တို့က ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်ခဲ့သည်။

ထိုအခြေအနေများကြောင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များသည် ၎င်းတို့၏ လူမှုကယ်ဆယ်ရေးလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ရပ်နားလာရသည်အထိ ဖြစ်လာခဲ့သည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here