စစ်ကောင်စီက ထောက်ပံပေးရာတွင် သွပ်ပြားဟောင်းများပါနေလို့ မုန်တိုင်းသင့်ပြည်သူများ အဆင်မပြေဖြစ်ရ

0
457
ပုံစာ - စစ်ကောင်စီက ထောက်ပံပေးရာတွင် သွပ်ပြားဟောင်းများပါဝင်နေ

ရခိုင်မုန်တိုင်းသင့်ပြည်သူများကို စစ်ကောင်စီက ထောက်ပံ့သည့် အိမ်မိုးသွပ်ပြားများထဲတွင် အပေါက်အပြဲများပါ သွပ်ပြားအဟောင်းများ ပါဝင်နေတာကြောင့် သုံးစွဲရန်အဆင်မပြေကြောင်း ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသ၊ ပန်းဖဲချောင်း ကျေးရွာတာဝန်ရှိသူများက ပြောသည်။

ပန်းဖဲချောင်းကျေးရွာအုပ်စုရှိ ပန်းဖဲချောင်း၊ လမ်းပိုက်ခွင်၊ မီးရပ်ပြင် ကျေးရွာများတွင် စစ်ကောင်စီက တစ်ရွာလျှင် သွပ်ချပ် ၅၀ စီ ထောက်ပံ့ပေးအပ်ရာတွင် အိမ်မိုးသွပ်ပြား အဟောင်းနှင့် အသစ်များကို ရောနှော၍ ပေးခြင်းဖြစ်သည်။

စစ်ကောင်စီက မီးရပ်ပြင်ကျေးရွာ တစ်ရွာလုံးအတွက် ဆန် ၄ တောင်းဝင် ၂ အိတ်၊ ဆန် ၅ ပြည် ၃ အိတ်၊ သွပ်ပြားအချပ် ၅၀၊ ဆီတစ်လီတာ ၁၀ ဘူး၊ ခေါက်ဆွဲခြောက် ၆ ဖာ၊ တာပေါ်လင်စ အပြာရောင် ၁ လိတ်နှင့် အမျိုးသမီးလစဉ်သုံးပစ္စည်းများ ပေးအပ်ရရှိကြောင်း ရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

“သွပ်ပြား (သံဖြူ) အချပ် ၅၀ ပါတယ်။ အချပ် ၃၀ လောက်က အဟောင်းတွေပါ။ အပေါက်တွေပါတယ်။ အဲဒါတွေက ဖာထေးပြုပြင်ပြီးသားပါ။ အသစ်အချပ် ၂၀ လောက်ကလည်း အရမ်းပါးတယ်” ဟု မီးရပ်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းစောက ပြောသည်။

မီးရပ်ပြင်ကျေးရွာတွင် အိမ်ခြေ ၁၈၆ အိမ် ရှိပြီး စစ်ကောင်စီ ထောက်ပံ့ပစ္စည်းများမှာ လောက်ငှမှုမရှိတာကြောင့် အိမ်မိုးသွပ်ပြား အချပ် ၅၀ ကို အိမ်ထောင်စု ၅ စုအတွက် မဲစနစ်ဖြင့် ခွဲဝေပေးလိုက်ရသည်ဟု ၎င်းက ဆက်ပြောသည်။

ပုံစာ – စစ်ကောင်စီက ထောက်ပံပေးရာတွင် သွပ်ပြားဟောင်းများပါဝင်နေ

ထောက်ပံ့ပစ္စည်းများ လောက်ငှမှုမရှိတာကြောင့် မဲခွဲစနစ်ဖြင့် ခွဲဝေပေးရသည့်အခါ မရရှိသူများအတွက် နစ်နာမှုများရှိနေပြီး၊ ကျေးရွာအတွင်း ခွဲတမ်းချရသည့်အခါမှာလည်း အခက်အခဲများ ဖြစ်ရသည်ဟု ၎င်းက ဆိုသည်။

မီးရပ်ပြင် ရပ်ရွာခံလူကြီးတစ်ဦးက “ကျနော်တို့ကတော့ ဘယ်လိုပြောရမလဲ ပေးတာလေးနဲ့ ကျေနပ်ရတော့မှာပေါ့။ ရွာမှာကတော့ အကုန်လုံး ပျက်စီးကြတာပါပဲ။ တရွာလုံးမှာ အိမ် ၆ ဆောင်လောက်ပဲ အကောင်းကျန်တယ်။ သံဖြူတွေကလည်း အဟောင်းတွေ အကုန်လုံး အပေါက်တွေပဲ” ဟု ပြောသည်။

အလားတူ စာသင်ကျောင်းအပါအဝင် ရွာရှိနေအိမ်အားလုံး ပျက်စီးသွားသည့် အိမ်ခြေ ၁၄၀ ကျော်ရှိ လမ်းပိုက်ခွင်ကျေးရွာ တစ်ရွာလုံးအတွက် ရရှိသော သွပ်ပြားအချပ် ၅၀ တွင် အသုံးပြုပြီးသားများ ပါဝင်နေတာကြောင့် အသုံးပြုရန် အဆင်မပြေကြကြောင်း ကျေးရွာသားများက ပြောသည်။

“ကျနော်တို့ရွာမှာ ဆန်နဲ့ သံဖြူ ရပါတယ်။ တစ်ရွာလုံးအတွက် ဆန် ၃ အိတ်၊ သံဖြူအချပ် ၅၀ ရပါတယ်။ သံဖြူအချပ် ၅၀ မှာ အကုန်လုံးက အဟောင်းတွေပါ။ သုံးပြီးသားတွေကို ဆေးသုတ်ပြီး ပေးတာ။ ဆေးသုတ်ထားတာ မခြောက်သေးတာတွေတောင် ပါတယ်။ အဆင်မပြေဘူး” ဟု လမ်းပိုက်ခွင်ကျေးရွာခံ လူငယ်တစ်ဦးက ပြောသည်။

မုန်တိုင်းသင့် ပြည်သူများကို ထောက်ပံ့ပေးပို့သည့်အခါ သွပ်ပြားအသစ်များနှင့် ဆယ်တင်သွပ် (ယာယီအဆောက်အအုံများတွင် ယာယီအသုံးပြုခဲ့သည့် သွပ်ပြား) ၂ မျိုး ပါဝင်ပြီး အသုံးပြု၍ရသည့် အဆင့်တွင် ရှိကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ဦးလှသိန်းက ပြောဆိုသည်။

“အဲဒီမှာ တစ်ရွာကို အချပ် ၅၀ လား၊ ဘယ်လောက်ပေးတယ်ဆိုတာတော့ မသိဘူး။ ငါတို့အစိုးရက အဲလောက်ထိ အသေးစိတ် ၅၀ တို့ ဘာတို့ ဘယ်လုပ်နိုင်မလဲ။ သူ့မြို့နယ်မှာ သူ့ဟာနဲ့သူ ခွဲဝေပေးတဲ့အဖွဲ့၊ ကော်မတီတွေ ရှိတယ်။ ဥပမာ – ပြည်နယ်အစိုးရက ကျောက်တော်ကို သွပ်အချပ် ၂ သောင်း ဆိုရင် ၂ သောင်း ပို့လိုက်တယ်။ အဲမှာ ဆယ်တင်သွပ်က ၅၀၀ ပါရင် ပါသွားမယ်။ မြို့နယ်မှာ ကယ်ဆယ်ရေးနဲ့ပတ်သက်ပြီး ကြီးကြပ်တဲ့ ဗိုလ်မှူးချုပ်တစ်ယောက် ရှိတယ်။ သူတို့အဖွဲ့က လုပ်တာ” ဟု ဦးလှသိန်းက DMG ကို ပြောသည်။

စစ်ကောင်စီက ကူညီကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ရာတွင် ပြည်သူများ၏ ပျက်စီးဆုံးရှုံးသွားသမျှကို ပေးအပ်ခြင်း မဟုတ်ဘဲ ၎င်းတို့ ထောက်ပံ့နိုင်သလောက်သာ ပေးရခြင်းဖြစ်ကြောင်း ဦးလှသိန်းက ဆက်ပြောသည်။

ရခိုင်ပြည်အတွင်း မုန်တိုင်းဒဏ်ကို ဆိုးဆိုးရွားရွားခံခဲ့ရသည့် မြို့နယ်များတွင် အမိုးအကာနှင့် သောက်သုံးရေ အခက်အခဲများ အဓိက ရင်ဆိုင်နေရသည်။ မိုးဦးရာသီဖြစ်ခြင်းကြောင့် လုံလောက်သော အမိုးအကာ ရရှိရေး အတွက် အရေးတကြီး လိုအပ်နေကြောင်း မုန်တိုင်းသင့် ပြည်သူများက ပြောသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here