စစ်ကောင်စီကြောင့် နေရပ်စွန့်ခွာရသည့် ဘူးသီးတောင်ရှိကျေးရွာသားများ မိုးမကျမီ နေရပ်ပြန်ခွင့်တောင်းဆို

0
290

စစ်ကောင်စီတပ်က အတင်းထွက်ခွာခိုင်းသောကြောင့် နေရပ်စွန့်ခွာခဲ့ရသည့် ဘူးသီးတောင်မြို့ ဖရုံချောင်းရွာနှင့် ငှက်ပျောချောင်းရွာမှ ကျေးရွာသားများမှာ မိုးမကျမီ မိမိရပ်ရွာသို့ ပြန်ခွင့်ပြုရန် တောင်းဆိုထားကြောင်း ရွာသားများက ပြောသည်။

လက်ရှိတွင် မိုးဦးရာသီရောက်လာပြီ ဖြစ်သဖြင့် လယ်သမားများမှာ လယ်စိုက်ပျိုးရန်အတွက် လိုအပ်သည်များကို ပြင်ဆင်နေကြပြီ ဖြစ်သော်လည်း ဖရုံချောင်းရွာနှင့် ငှက်ပျောချောင်းရွာသားများသည် မိမိတို့ကျေးရွာသို့ ဝင်ခွင့်မရ၍ လယ်စိုက်ရန် အခက်အခဲရှိနေကြောင်း ပြောဆိုသည်။

ငှက်ပျောချောင်း ရွာသားတစ်ဦးက “လယ်စိုက်ဖို့အတွက် လယ်ကွင်းကိုသွားပြီး တဲထိုးရမယ်။ စပါးကြဲဖို့ အတွက်လည်း အစီစဉ်ချရတော့မယ်။ အခု ရွာနားကိုတောင် ကပ်ခွင့်မရလို့ ဘာမှ မလုပ်ရဘူး။ ရွာမှာနေခွင့်မရဘဲ လယ်လုပ်ဖို့ကလည်း အဆင်မပြေ၊ သူများကို ငှားဖို့ကျပြန်တော့လည်း ရွာနားကိုမကပ်ရရင် ဘယ်သူမှ လယ်ငှားမှာ မဟုတ်ဘူး။ လယ်စိုက်နိုင်မှ ဆုံးရှုံးသွားတာတွေကို ပြန်တည်ဆောက်နိုင်မှာပေါ့။ ရွာကိုအမြန်ဆုံး ပြန်ခွင့်ပေးစေချင်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီ ခြေမြန်တပ်မ ၂၂ က တပ်သား ၄ ဦး ပျောက်ဆုံးသွားခြင်းနှင့် ပတ်သက်ပြီး စစ်တပ်က ဖရုံချောင်းရှိ ကျေးရွာ အိမ်ခြေ ၂၅ ဆောင်၊ လူဦးရေ ၁၀၅ ဦးနှင့် ငှက်ပျောချောင်း ကျေးရွာရှိ အိမ်ခြေ ၂၈ ဆောင်၊ လူဦးရေ ၁၂၁ ဦး ကို နှင်ထုတ်ထွက်ခွာခိုင်းခြင်းဖြစ်သည်။
လက်ရှိတွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် အိမ်များနှင့် စိုက်ပျိုးထားသည့် သီးနှံ စားပင်များမှာလည်း အားလုံး ပျက်စီးသွားပြီဖြစ်ကြောင်း ဖရုံချောင်းရွာသား တစ်ဦးက အခုလို ပြောသည်။

“အိမ်တွေလည်း တဆောင်မှ မကျန်တော့ဘူး။ ရှိသမျှအပင်တွေလည်း ကျိုးကုန်ပြီ။ ဒါကြောင့် ကျိုးနေတဲ့ အပင်တွေကို ခုတ်ပြီး အိမ်တွေဘာတွေ ပြုပြင်ဖို့အတွက် မုန်တိုင်းအလွန် ၂ ရက်လောက်က ရွာကိုသွားခဲ့ပါတယ်။ ဒါပေမယ့် သူတို့က ရွာကိုလည်း အဝင်မခံသလို အပင်တွေကိုလည်း ခုတ်ခွင့်မပေးပါဘူး။ ရွာမှာနေလို့ မရသေးဘူးဆိုပြီး နှင်ထုတ်ပါတယ်။ လက်ရှိအချိန်ထိလည်း စစ်သားတွေက ကျနော်တို့ရွာ ဖရုံချောင်းနဲ့ ငှက်ပျောချောင်းရွာထဲမှာ ရှိနေသေးပါတယ်” ဟု ၄င်းက ပြောသည်။

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့၏ တကျော့ပြန်တိုက်ပွဲ အပစ်အခတ် ရပ်စဲချိန် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ အတွင်းက စပြီး ဖရုံချောင်းရွာနှင့် ငှက်ပျောချောင်း ရွာထဲတွင် ခြေမြန်တပ်မ ၂၂ က တပ်စွဲ နေထိုင်နေခြင်း ဖြစ်ပြီး ၂၀၂၃ ခုနှစ် ဧပြီလ ၃၀ ရက်တွင် ၄င်းတို့တပ်ဖွဲ့၀င် ၄ ဦး ပျောက်ဆုံးသွားသည်ဟုဆိုကာ ဒေသခံများကို ကျေးရွာအတွင်းမှ ထွက်သွားရန် အတင်းခိုင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျေးရွာဒေသခံများမှာ ဘူးသီးတောင်မြို့ပေါ်နှင့် သေကံခွဆုံကျေးရွာတို့တွင် အသီးသီးတွင် ခိုလှုံနေထိုင်နေကြပြီး ကျေးရွာမှ ထွက်ခွာလာသည်မှာ ၁ လ ကျော် ကြာမြင့်လာပြီ ဖြစ်သောကြောင့် စားဝတ်နေရေး အခက်အခဲများ ကြုံနေရသည်ဟု ပြောသည်။

ဖရုံချောင်းရွာခံ အမျိုးသမီးတစ်ဦးက “ ရွာကပြေးလာတုန်းကပါလာတဲ့ စားနပ်ရိက္ခာတွေလည်း ကုန်ပါပြီ။ စစ်တပ်က ရွာက ထွက်သွားခိုင်းတုန်းက ၂ ပတ်လောက်ပဲ ထွက်သွားပေးပါလို့ ပြောတာမို့ ကျွန်မတို့လည်း စားနပ်ရိက္ခာတွေကို ချိန်ပြီး ယူလာတာပါ။ အခု အချိန်ကလည်းကြာလာပြီ၊ ပြန်ရမယ့် အနေအထားလည်း မမြင်ဘူး။ ဒီမှာလည်း ကူညီထောက်ပံ့မှုတွေက မရတော့ အရမ်းကို ကျပ်တည်းနေပါတယ်” ဟု ပြောသည်။

အဆိုပါ ကျေးရွာ ၂ ရွာမှ ဒေသခံများ ရွာ၌ ပြန်နေထိုင်ခွင့်ရရှိရေး အခြေနေနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို မေးမြန်းရန် ဖုန်းအကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားမှု မရှိပါ။

နိရဉ္စရာ -ပေးပို့သည်

LEAVE A REPLY

Please enter your comment!
Please enter your name here