ရွေးကောက်ပွဲသည် ဒီမိုကရေစီစနစ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ သို့သော်လည်း လက်ရှိအခြေအနေအရ ရွေးကောက်ပွဲအပေါ် စိုးရိမ်မှုရှိကြောင်း အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် 7 EAO Alliance ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။
စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကိုလက်ခံသည့် နိုင်ငံရေးပါတီများ၊ အိမ်နီးချင်းနိုင်ငံများရှိနေသလို ဆန့်ကျင်ကန့်ကွက်သော အင်အားစုများလည်းရှိနေပြီး ရွေးကောက်ပွဲကြောင့် ကောင်းကျိုးထက် ဆိုးကျိုးဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။
“ကျနော်တို့အနေနဲ့ ရွေးကောက်ပွဲလို့ ကျနော်တို့နားလည်လို့ရှိရင် ဒီမိုကရေစီစနစ်ရဲ့အစိတ်အပိုင်းတစ်ခုပေါ့၊ မလွဲမသွေဖြတ်သန်းရမယ့် ဖြစ်စဉ်တစ်ခုပေါ့ဗျာ။ အဲဒီရွေးကောက်ပွဲကို ဖြတ်သန်းရမယ့်အစိတ်အပိုင်းမှာဆိုရင်လည်းပဲ ဒီမိုကရေစီလို့ပြောလိုက်တာနဲ့ ပြည်သူလူထုတွေရဲ့ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးကြီးသလို ရွေးကောက်ပွဲကျင်းပတဲ့နေရာဒေသတိုင်းမှာ တည်ငြိမ်အေးချမ်းမှုလည်းမရှိမဖြစ်လိုအပ်တယ်လို့ နားလည်တယ်” ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။
ဆက်လက်ပြီး ဗိုလ်မှူးကြီးစောကျော်ညွန့်က “သို့သော် လက်ရှိကျနော်တို့နိုင်ငံရဲ့ ပကတိအခြေအနေက ရွေးကောက်ပွဲလို့ ပြောလိုက်မယ်ဆိုရင် ခုနကလိုအပ်တဲ့ ပြည်သူလူထုတွေရဲ့ ပူးပေါင်းဆောင်ရွက်ပါဝင်မှုကလည်း အခြေအနေအရတော့ ကျနော်တို့လိုသလို ဖြစ်လာမှာမဟုတ်ဘူး။ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကလည်းပဲ ဆိုးဆိုးဝါးဝါး ပျက်စီးနေတဲ့ကာလမှာ ပွင်းပွင်းလင်းလင်းပြောရရင် ရွေးကောက်ပွဲအတွက်က ကျနော်တို့ စိုးရိမ်မှုရှိတယ်” ဟု ပြောပါသည်။
စစ်ကောင်စီသည် ယခုနှစ် ဒီဇင်ဘာ သို့မဟုတ် လာမည့်နှစ်ဇန်နဝါရီလအတွင်း ရွေးကောက်ပွဲကျင်းပသွားမည်ဟု ပြောဆိုလျက်ရှိနေသည်။
မွန်ပြည်နယ်တွင် ရွေးကောက်ပွဲကျင်းပရန် ရေးမြို့နယ်တစ်ခုသာ အခက်အခဲရှိနိုင်ပြီး ကျန်ဒေသများတွင် ကျင်းပနိုင်သည့် အနေအထားတွင်ရှိကြောင်း မွန်တိုးတက်ရေးပါတီမှ နိုင်ထွန်းလွင်က ပြောသည်။
“မွန်ပြည်နယ်အနေနဲ့ပြောလို့ရှိရင်တော့ ကျနော်တို့က တခြားဒေသထက် ပိုပြီးတော့ကောင်းသေးတာပေါ့နော်။ တခြားဒေသထက်တော့ ကောင်းသေးတယ်လို့တော့ ပြောလို့ရတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့က လုပ်နိုင်ကိုင်နိုင်တဲ့ ဧရိယာကအစ များသေးတာပေါ့နော်၊ တခြားဒေသနဲ့စာရင်ပေါ့နော်။ လုပ်နိုင်ကိုင်နိုင်တဲ့ဧရိယာတွေက များသေးတာပေါ့နော်။ ဥပမာ ကရင်ပြည်နယ်တို့ တနင်္သာရီတိုင်းတို့နဲ့စာရင်လည်း ကျနော်တို့မှာ နည်းနည်း သက်သာတာပေါ့လေ။ တခြားပြည်မကြီးကတော့ တစ်မျိုးပေါ့နော်၊ ပြည်မကြီးကတော့ ဥပမာ ရန်ကုန်တို့ ဧရာဝတီတို့ကတော့ နည်းနည်းတမျိုး သူတို့က တည်ငြိမ်တာပေါ့” ဟု ၎င်းကပြောသည်။
လက်ရှိတွင် နိုင်ငံတဝှမ်း စစ်ရေးပဋိပက္ခပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ နေစဉ်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိနေသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို တရုတ်ကဖိအားပေးနေသလို စစ်ကောင်စီကလည်း လက်နက်ဆန်းများဖြင့် တိုက်ခိုက်နေခြင်းသည် ရွေးကောက်ပွဲကျင်းပလို၍ဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ရှေ့နေဦးကြီးမြင့်က ပြောသည်။
“သူကတော့ လက်နက်ဆန်းတွေသုံးမယ်လို့ ကြိမ်းမောင်းထားတာပေါ့လေ။ MNDAA ကလည်း နောက်ဆုတ်ပေးတော့ အားတက်ပြီးတော့ TNLA ကို ဖိတာပေါ့နော်။ နောက်တခါ တရုတ်ကလည်းပဲ TNLA ကို နောင်ချိုတို့၊ ကျောက်မဲတို့ကနေ ဆုတ်ပေးစေချင်တယ်နဲ့တူပါတယ်။ အဲဒီတော့ ဖိတာပေါ့။ ဒါပေမယ့် TNLA ကလည်း သူ့အင်အားနဲ့သူ ပြန်လည်ခုခံနေတာပေါ့နော်။ အဲဒီလိုအနေအထားတွေမှာရှိတော့ စကစကလည်း ရွေးကောက်ပွဲကို နောင်ချိုတို့၊ ကျောက်မဲတို့ ဖြစ်နိုင်ရင် လားရှိုးတို့မှာ လုပ်ချင်တယ်။ တရုတ်ကလည်းပဲ ရွေးကောက်ပွဲဖြစ်ဖို့ အရေးကြီးတယ်ဆိုတော့ တရုတ်အားပေးမှုနဲ့ အဲဒီလိုလုပ်တယ်ပေါ့လေ” ဟု ၎င်းကပြောသည်။
စစ်ကောင်စီသည် ရွေးကောက်ပွဲအပြင် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတလျှောက်တွင်ရှိသည့် တိုင်းရင်းသား လက်နက်ကိုင်များ ထိန်းချုပ်ထားသော နယ်မြေများကို ပြန်လည်ရယူနိုင်ရန် တိုက်ပွဲများ ဖော်ဆောင်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
စစ်ကောင်စီ၏ နိုင်ငံရေးထွက်ပေါက်အဖြစ် လုပ်ဆောင်လာနိုင်သည့်ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုများက ဆန့်ကျင်နေသလို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း မပျက်ပျက်အောင် ဖျက်မည်ဟု ပြောဆိုထားသည်။
IMNA ပေးပို့သည်။