ဧရာ၀တီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့မှ ၁၄ မိုင်အကွာရှိ စစ်ကောင်စီ အမြောက်တပ် (၃၄၄) တပ်ရင်းနှင့် ၅ မိုင်အကွာတွင် အာရက္ခတပ်တော်ဦးဆောင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသတွင်းစစ်ရေးရင်းမြစ်များထံမှ သိရသည်။
ဒေသတွင်းစစ်ရေးရင်းမြစ်တစ်ဦးက “အမတ ၃၄၄ ကနေ ၅ မိုင်ခန့်အကွာ စာဥစမ်းဆိုတာရှိတယ်။ အဲဒီမှာ ဖြစ်နေကြတာ။ မနေ့က (ဖေဖော်ဝါရီ ၁၂ ရက်) နေ့လယ်ပိုင်းကနေ စဖြစ်တာ။ အဲဒီမှာ စကစ ထောက်ပို့ဂိုဒေါင်တွေလည်း ရှိတယ်လို့သိရတယ်” ဟု ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ စက်တပ်လေထီးများနှင့်ပါ တိုက်ခိုက်နေသည်ဟု သိရသည်။ လက်ရှိ၌ အမတ ၃၄၄ တပ်တွင် အင်အားနည်းပါးနေ၍ စိုးရိမ်မှုများလည်း မြင့်တက်နေသည်ဟု ကြားသိရကြောင်း ၎င်းက ဆက်ပြောသည်။
“လက်ရှိ ကျနော်တို့ကြားတာက အမတ ၃၄၄ မှာ အင်အားနည်းလို့ တပ်တွင်းထဲမှာ စိုးရိမ်မှုတွေရှိနေတယ်လို့ ကြားရတယ်။ တိုက်ပွဲက အမြောက်တပ်ထိ ရောက်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေလည်း ထွက်ပေါ်နေတယ်။ အထူးသဖြင့် ငသိုင်းချောင်းမြို့ အနီးဝန်းကျင်က လူတွေလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်” ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတွင် အမတ (၃၄၄) ကို အာရက္ခတပ်တော်မရောက်မီ ရေကြည်မြို့နယ် ရေနံ့သာဂိတ်တွင် စစ်ကောင်စီ က ခံစစ်အကြီးအကျယ်ပြင်နေပြီး အဆိုပါဂိတ်မှာ ရခိုင်ကလာသော ကားလမ်းနှင့် ဥသျှစ်ပင်ဘက်က လာသောလမ်းဆုံ (ပုသိမ်-မုံရွာလမ်းဆုံ) နေရာဖြစ်သဖြင့် စစ်ရေးအရ အရေးပါသောဂိတ်ဖြစ်ကြောင်း သိရသည်။
ဒေသခံများပြောဆိုမှုအရ လွန်ခဲ့သည့်တစ်ပတ်ခန့်က ကျားခေါင်း၊ ကင်းပွန်းချဉ်ကျေးရွာများလည်း ဗုံးကြဲခံရပြီး နေအိမ်အများအပြား မီးလောင်သွားခဲ့သည်ဟု သိရသည်။
နိရဉ္စရာ ပေးပို့သည်။