ဂန့်ဂေါပျူစောထီးရွာက ပြည်သူ ၂၀၀ ကျော် PDF ထံခိုလှုံ

0
355
Photo - CJ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ပျူစောထီးတွေထိန်းချုပ်ထားသည့် မြောက်ခင်ရန်း ကျေးရွာဒေသခံ ၂၀၀ ကျော်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ထိန်းချုပ်ထားတဲ့ နယ်မြေထဲကို ထွက်ပြေးခိုလှုံ လာကြတယ်လို့ ABSDF ကျောင်းသားတပ်က ပြောသည်။

ပျူစောထီးတွေ ထိန်းချုပ်ထားတဲ့နေရာမှာ စားဝတ်နေရေးနဲ့ လုံခြုံရေး စိုးရိမ်မှုတွေ ရှိနေတဲ့အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ က စပြီး ဒီနေ့အထိ လူ၂၀၀ ကျော် ထွက်ပြေးလာခဲ့ကြတာလို့ ABSDF က ဆိုသည်။

“ အဓိက ကျွန်တော်တို့ကြားထားတာတော့ မင်းတို့သွားချင်တဲ့သူတွေသွား နိုင်သလောက်ယူသွား ကျန်တဲ့ဟာတွေကိုတော့ သူတို့ယူမယ်ပေါ့ အဲဒီလိုမျိုး ကြားထားတယ်။ ပြည်သူတွေကလည်း ပိတ်ဆို့ ခံထားရတော့ အသုံးအဆောင်တွေ ပြတ်လတ်တာရှိတယ်။ ဒါကြောင်ပဲ ပြေးလာတာဖြစ်မယ်”လို့ ABSDF စစ်ကြောင်း ၃ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိူးကျော်က ပြောသည်။

ပျူစောထီးကျေးရွာတွေက ထွက်ပြေးလာသည့် မိသားစုတွေကို ကုက္ကားပျူစောထီးရွာက လက်နက်ကြီး အထိုင်ကနေ ၁၂၀ မမ နဲ့ မနက်ပိုင်းမှာ ပစ်ခတ်ခဲ့သေးတယ်လို့ သိရသည်။

လက်ရှိ၌ ဂန့်ဂေါမြို့နယ်အတွင်း ပျူစောထီးကျေးရွာ ၇ ရွာ ဝန်းကျင် ရှိတယ်လို့သိရပြီး ထွက်ပြေးလာသူ အများစုဟာ မြောက်ခင်ရမ်းကျေးရွာက ဖြစ်တယ်လို့ ဆိုသည်။

မြောက်ခင်ရန်းကျေးရွာက ပျူစောထီးတွေဟာ ထွက်ပြေးသွားတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကို ဖျက်ဆီးပြီး တန်ဖိုးရှိပစ္စည်းတွေကို ယူဆောင်တာနဲ့ မီးရှို့တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောသည်။

ဒေသခံပြည်သူများ ထွက်ပြေးလာသည့် မြောက်ခင်ရန်းကျေးရွာဟာ စစ်တပ်အမာခံ ဘူလတ်လှဆွေကို အမာခံထောက်ခံတဲ့ ကျေးရွာဖြစ်တယ်လို့ ဆိုသည်။

PDF တပ်ဖွဲ့တွေက ၂၀၂၃ ခုနှစ် အစပိုင်းတည်းက စပြီး ပျူစောထီးကျေးရွာတွေကို ပိတ်ဆို့ထားတာကြောင့် အခြေခံအသုံးဆောင်ပစ္စည်း ရှားပါးမှုတွေနဲ့ ရင်ဆိုင်နေကြပြီး အာဏာသိမ်း စစ်ကောင်စီထံ အကူအညီ တောင်းထားပေမယ့် ကူညီပေးတာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောဆိုကြသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here