ဂန့်ဂေါတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ၂ ဦး သေဆုံး၊ ကလေးငယ်များအပါအဝင် ဒဏ်ရာရသူ ၁၄ ဦးရှိ

0
130
ပုံစာ - ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း လာပို့ရွာကို စစ်ကောင်စီတပ်ကမီးရှို့ခဲ့စဉ်။ (Photo - Social Media)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ စစ်ကောင်စီတပ် ခ.လ.ရ ၅၀ က ပစ်လိုက်သော လက်နက်ကြီးကြောင့် အပြစ်မဲ့ ဒေသခံပြည်သူ ၂ ဦး သေဆုံးပြီး ကလေးငယ်များအပါအဝင် ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်နေ့တွင် ဂန့်ဂေါ ခ.လ.ရ ၅၀ မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး လာပို့ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“လက်နက်ကြီးက စာသင်ကျောင်းထဲကို ကျပြီး ပေါက်ကွဲတာ။ ခြေဖြတ်လက်ဖြတ်ရမယ့် လူတွေလည်းများတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

လာပို့ရွာအတွင်း လက်နက်ကြီး ကျည် ၅ လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦး သေဆုံးခဲ့သည့်အပြင် ကလေးငယ် ၄ ဦး အပါအဝင် ၁၄ ဦး ဒဏ်ရာရရှိ ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက်တစ်ရက် ဇူလိုင် ၁၄ ရက်နေ့တွင် ဂန့်ဂေါ ခ.လ.ရ ၅၀ အတွင်း ပေါက်ကွဲသံ အကြိမ်ရေ ၃၀ ထက်မနည်း ကြားခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ် ဂန့်ဂေါ ခ.လ.ရ ၅၀ မှ မကြာခဏ ဆိုသလို လက်နက်ကြီးဖြင့် ပစ်ခတ်တတ်ပြီး ဂန့်ဂေါခရိုင် အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကြီး၊ လေကြောင်းမှတဆင့် တိုက်ခိုက်မှုများကြောင့် သေဆုံးသူဦးရေ ၁၂၀ ထက်မနည်း ရှိလာပြီဖြစ်ကြောင်း သိရှိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here