ချောင်းနှစ်ခွတွင် တိုက်ပွဲဆက်ဖြစ်နေ၊ လက်နက်ကြီးထိပြီး ကလေး ၂ ဦးသေဆုံး

0
359
ပုံစာ - စစ်ဘေးရှောင်တချို့။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး လက်နက်ကြီးကျည်ထိပြီး ကလေး ၂ ဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၄ နာရီခန့်က ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွ တံတားဂိတ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွား ခဲ့သည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လည်ပိုင်းခန့်က ကျိုက်မရောမြို့နယ်၊ ပေါလောကုန်းကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၇ နှစ်အရွယ်နှင့် အသက် ၈ နှစ်အရွယ် ကလေး ၂ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

တိုက်ပွဲသည် နိုဝင်ဘာလ ၁၃ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သလို မုဒုံအခြေစိုက် စစ်ကောင်စီအမြှောက်တပ်မှလည်း လက်နက်ကြီးများဖြင့် လှမ်းပစ်နေသည်ဟု ဒေသခံတို့က ဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လမ်းများပိတ်ထားသည့်အတွက် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင်မရဘဲ တိုက်ပွဲဖြစ်ပွားနေသည့်နေရာတွင် ပိတ်မိနေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

“ရှောင်နေရတဲ့ရွာက အများကြီးပါ။ ကိုယ့်ဟာနဲ့ ကိုယ်ရှောင်နေကြတယ်။ တောင်ကလေး၊ မယ်တရို ဆိုရင် ထွက်လာလို့ မရတော့ဘူး၊ ကိုယ့်နေရာမှာပဲ ပုန်းနေကြရတယ်။ တချို့ထွက်လာလို့ရတဲ့ လူတွေလည်းရှိတယ်။ တိုက်ပွဲက ဖြစ်နေတုန်းပဲ။ လေယာဉ်တွေလည်း လာနေတုန်းပဲ။ အခုဆိုရင် ထွက်လာလို့ရတဲ့လူတွေက ကျွန်းရွာမှာ နေရာချထားပေးတယ်။ ထွက်လာလို့ မရတဲ့လူတွေက ကနာလိုဘုန်းကြီးကျောင်းမှာ နေရာချထားတယ်။ ထွက်လာလို့ မရတဲ့လူတွေက အများကြီးပါ။ ထွက်လာလို့မရဘူး သူတို့ (စစ်တပ်) မပေးဖြတ်ဘူး” ဟု မယ်တရို ကျေးရွာခံတစ်ဦးက ပြောသည်။

လက်ရှိတွင် ချောင်းနှစ်ခွ၊ မယ်တရို၊ တောင်ကလေး၊ ကနာလို၊ ကြံတော အစရှိသည့် ကျေးရွာ ၁၀ ရွာ ထက် မနည်းမှ ဒေသခံပြည်သူများ ပိတ်မိနေပြီး၊ တိုက်ပွဲ ဆက်လက်ပြင်းထန်လာပါက ပြည်သူများအတွက် စိုးရိမ်စရာ အခြေအနေဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ချောင်းနှစ်ခွ ရဲကင်းစခန်းနှင့် ချောင်းနှစ်ခွတံတားကို တော်လှန်ရေးတပ်ဖွဲ့တို့က သိမ်းပိုက်လိုက်ပြီဟု သတင်းထွက် နေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းကြောင့် လူထိခိုက်ဒဏ်ရာရတာ၊ လူနေအိမ် ထိခိုက်ပျက်စီးတာတွေလည်း ရှိနေသည်ဟု ဒေသခံတို့က ပြောဆိုသည်။

တိုက်ပွဲကြောင့် မုဒုံ-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းပိုင်း ဖြတ်သန်းသွားလာလို့မရသလို မုဒုံ-ချောင်းနှစ်ခွ-တံခွန်တိုင် လမ်းပိုင်းတွင်လည်း အသုံးပြုသွားလာလို့ မရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ချောင်းနှစ်ခွကျေးရွာ ရဲစခန်းနှင့် ချောင်းနှစ်ခွ တံတားဂိတ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိပြီး ယခုတိုက်ခိုက်မှု ဖြစ်စဉ်သည် ယခင်ကထက် ပိုမိုပြင်းထန်ကြောင်း ဒေသခံတို့က ပြောပါသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here