ချီဖွေသွားလမ်းပေါ်ရှိ ဆနီခူးစစ်ကောင်စီတပ်စခန်း ၂ ခုကို KIA ထပ်မံသိမ်းပိုက်နိုင်

0
172
ပုံစာ - ရှေ့တန်းတစ်နေရာတွင်မြင်တွေ့ရသည့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ဝင်များ။

ကချင်ပြည်၊ ဝိုင်းမော်မြို့နယ် ချီဖွေသွားလမ်းမပေါ်ရှိ ဆနီးခူကျေးရွာတွင်ရှိသည့် စစ်ကောင်စီတပ်စခန်း ၂ ခုကို KIA တပ်က ဇွန်လ ၁၃ ရက်နေ့က ထပ်မံသိမ်းပိုက်လိုက်နိုင်သည်ဟု KIO ပြောဆိုသည်။

KIA တပ်က ထပ်မံသိမ်းပိုက်လိုက်သည့် ဆနီခူးရွာက စစ်တပ်စခန်း ၂ ခုမှာ စစ်ကောင်စီတပ်၊ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်များ စုပေါင်းပြီး အထိုင်ချထားသော တပ်စခန်းများ ဖြစ်ကြောင်ြ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါသည်။

“ဆနီခူး စစ်တပ်စခန်း ၂ ခု ကို သိမ်းယူတာ ဖြစ်ပါတယ်။ သိမ်းတာက မနေ့ (ဇွန်လ ၁၃ ရက်) က နေ့လည်ပိုင်း လောက်မှာ ဖြစ်မယ်ထင်တယ်။ အဲဒီတပ်စခန်းတွေမှာက စစ်တပ်၊ ပြည်သူ့စစ်နဲ့ BGF အကုန်ရှိတဲ့ တပ်စခန်းတွေ ဖြစ်တယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထိုတပ်စခန်း ၂ ခုတွင် စစ်အင်အား ၄၀ ခန့်ရှိပြီး မြစ်ကြီးနား – ချီဖွေသွား လမ်းမပေါ်မှာ လုံခြုံရေးအမည်ခံပြီး ခရီးသွားပြည်သူများကို စစ်ဆေးရေးတင်းကြပ်သလို ငွေကြေးတောင်းခံသည့် တပ်စခန်းနေရာများ ဖြစ်တယ်လို့ ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။

ဆနီခူးတပ်စခန်း ၂ ခုကို KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ခြင်းနှင့် ပတ်သက်ပြီး ဝိုင်းမော်ဒေသခံတစ်ယောက်က အခုလို ပြောဆိုသည်။

“ပြီးခဲ့ရက်ပိုင်းအတွင်း ချီဖွေနဲ့ ဆဒုံးသွား လမ်းခွဲမှာရှိတဲ့ စုပေါင်းဂိတ်မှာရှိတဲ့ KIA တပ်တချို့က ချီဖွေဘက်ကို စစ်ကြောင်း ပြန်တက်လာတယ်လို့ သတင်းကြားတာနဲ့ အစကတော့ တိုက်မလိုလိုနဲ့ KIA တပ်တွေ ဆနီခူး ရောက်တာနဲ့ တိုက်ပွဲတောင်မဖြစ်ဘဲ အကုန်တပ်ဆုတ်သွားတယ်တဲ့။ အဲ့ကြောင့် KIA တပ်တွေက အကုန်ရှင်းလင်း လိုက်တယ်လို့ ကြားတယ်” ဟု ၎င်းက ပြောသည်။

KIA ပူးပေါင်းတပ်က ပြန်လည်သိမ်းယူလိုက်သည့် ဆနီခူး စစ်ကောင်စီတပ်စခန်း ၂ ခုသည် ဝိုင်းမော် – ချီဖွေ လမ်းအတွက် လုံခြုံရေးအရ အလွန်အရေးပါသော တပ်စခန်းနေရာများဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဇွန်လ ၁၃ ရက်နေ့ တစ်ရက်ထဲမှာပင် ဗန်းမော်ကနေ တိုက်ပွဲနယ်မြေဖြစ်သည့် မိုးမောက်နှင့် မံစီဘက်ကို စစ်တင့်ကား ၃ စီးနှင့် စစ်ကြောင်းတက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို KIA ပူးပေါင်းတပ်က ကောင့်ဂျာယန် (Kawng Ja Yang) အနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲတွင်လည်း စစ်ကောင်စီ၏ စစ်တင့်ကား ၃ စီး တက်လာသည့်အထဲက တင့်ကားတစ်စီးမှာ KIA ပူးပေါင်းတပ်၏ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးသွားသည်ဟု KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုသည်။

“သတင်းပို့လာတာက တင့်ကားတစ်စီး ပစ်ခတ်ဖျက်ဆီးပေးလိုက်နိုင်တယ်လို့ သတင်းရတယ်။ ကျနော်တို့ ဘက်ကလည်း အတည်ပြုနေဆဲ ဖြစ်တယ်။ ဒါပေမယ့် လက်တွေ့မြေပြင်မှာ လုပ်ငန်းဝင်နေတဲ့သူတွေကတော့ ဖျက်ဆီးပေးလိုက်တာ သေချာတယ်လို့ ပြောပါတယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ကောင့်ဂျာယန်ကျေးရွာ၌ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁ ပတ်ဝန်းကျင် လကြာမြင့်နေပြီဖြစ်ပြီး မိုးမောက်၊ မံစီဘက်ကို စစ်ကူလာသောစစ်ကြောင်းကို KIA က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

KIA ပူးပေါင်းတပ်က ဇွန်လ ၂၁ ရက်နေ့တွင်လည်း ဝိုင်းမော် – ဆဒုံး၊ ကန်ပိုင်တည်သွား လမ်းတကြောရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်အဖွဲ့များ၏ တပ်စခန်း ၅ ခုနှင့် ရှေ့တန်းစခန်းငယ် ၁၀ ခုခန့်ကို သိမ်းပိုက်မှုအပြီးမှာပင် ချီဖွေသွားလမ်းရှိ ဆနီခူးတပ်စခန်း ၂ ခုကိုလည်း ထပ်မံသိမ်းပိုက်နိုင်ခဲ့သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here