ချင်းပြည် CDM မူဝါဒ (မူကြမ်း) အတည်ပြုနိုင်ရေးနှင့် လူသာချင်းစာနာထောက်ထားရေး အကူအညီပေးနိုင်ရေး ICNCC ဆွေးနွေးမှုပြု

0
314



ချင်းပြည် CDM မူဝါဒ (မူကြမ်း) အတည်ပြုနိုင်ရေးနှင့် လူသာချင်းစာနာထောက်ထားရေး အကူအညီပေးနိုင်ရေးတို့ကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က နိုဝင်ဘာလ ၈ ရက်နေ့က ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၈ ရက်က ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ၏ ပုံမှန်အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း နိုဝင်ဘာလ ၉ ရက်မှာ ICNCC က သတင်းထုတ်ပြန်သည်။

ယင်းအစည်းအဝေးတွင် ချင်းပြည် တစ်ပတ်တာ နိုင်ငံရေးအခြေအနေနှင့် ကောင်စီ၏ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြပြီး စစ်ရှိန်မြှင့်တင်နေသည့်ကာလအတွင်း ချင်းပြည်နယ်မှာ အရပ်သားထိခိုက်မှု လျှော့ချရေး၊ လူသားစာနာမှုအကူအညီများ ပံ့ပိုးပေးနိုင်ရေးနှင့် ကောင်စီ၏ ထုတ်ပြန်ချက်အမှတ် (၆/၂၀၂၃) ထုတ်ပြန်နိုင်ရေး တို့ကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ICNCC နှင့် NUG အစိုးရအဖွဲ့၊ လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက နိုင်ငံအနှံ စစ်ရှိန်မြင့်နေသော ကာလအတွင်း ချင်းပြည်နယ်မှာ အရပ်သားထိခိုက်မှု လျော့ချရေးနှင့် လူသားစာနာမှု အကူအညီများ ပံ့ပိုးပေးနိုင်ရေးတို့ကို ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် ဆွေးနွေးခဲ့ကြသည်ဟု NUG လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယင်းအစည်းအဝေးတွင် ချင်းပြည်နယ်ရှိ စစ်ဘေးရှောင်များကို ယာယီနေစရာ၊ ဆေးဝါး၊ သောက်သုံးရေနှင့် ရိက္ခာများ ကူညီထောက်ပံ့နိုင်ရေး၊ လေကြောင်းရန်ကာကွယ်ရေး၊ အရေးပေါ်ရန်ပုံငွေ ကြိုတင်ပြင်ဆင်ထားနိုင်ရေး၊ ဒေသတွင်း ရိက္ခာဖူလုံမှုရှိရေးနှင့် အိန္ဒိယနယ်စပ်က မြန်မာစစ်ဘေးရှောင်များကို ကူညီနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြ သည်ဟု သိရသည်။

ဒါ့အပြင် နိုဝင်ဘာ ၇ ရက်နေ့က မင်းတပ်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် နေအိမ်ပျက်စီးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများကို ထောက်ပံ့နိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်ဟုလည်း သိရသည်။

အစည်းအဝေးကို ICNCC အလှည့်ကျ သဘာပတိများ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အစုအဖွဲ့အသီးသီးမှ ကောင်စီဝင်များ စုစုပေါင်း ၂၃ ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ကို စစ်အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ကြသော ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ချင်းပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့က ၂၀၂၁ ခုနှစ် ဧပြီလ (၁၃) ရက်နေ့တွင် အစုအဖွဲ့ (၃) ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။

ထို့နောက် ကောင်စီကို CDM၊ CSO ၊ လူငယ်၊ အမျိုးသမီးများ အစုအဖွဲ့ပါဝင်ပြီး အစုအဖွဲ့ (၄) ဖွဲ့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြသည်။ နောက်ပိုင်းတွင် ချင်းအမျိုးသားတပ်ဦး (CNF) က ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) မှ နှုတ်ထွက်ခဲ့သည်။

ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) သည် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) တို့ ကနဦးဖွဲ့စည်းရာတွင် ပါဝင်ခဲ့ပြီး ပြည်နယ်ကိုယ်စားပြု အတိုင်ပင်ခံကောင်စီတစ်ခုအနေဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here