ချင်းပြည်နယ်အား နယ်မြေစိုးမိုးမှုရယူရန်လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်များ အထိနာဆုတ်ပြေးနေရ

0
301
ပုံစာ - သိမ်းဆည်းရမိခဲ့သည့် စစ်ကောင်စီလက်နက်ခဲယမ်းတချို့

ချင်းပြည်နယ်အတွင်း နယ်မြေစိုးမိုးမှုရယူရန် စစ်ကောင်စီတပ် အင်အားအများအပြားဖြင့် စစ်အင်အား တိုးချဲ့လုပ်ဆောင်နေသော်လည်း ချင်းအမျိုးသား ပူးပေါင်းကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင် အမြဲနီးပါး ဆုတ်ခွာထွက်ပြေးနေရသည်ဟု ဒေသခံများက ပြောသည်။

ထန်တလန် ဒေသခံတစ်ဦးက “ကျမတို့နယ်‌မြေ ကျမတို့လူမျိုး ကျမတို့တိုင်းရင်းသားတွေပဲ ကျွမ်းကျင် တာလေ။ ချင်းက တိုက်ပွဲတိုင်း ကြည့်လိုက် ကျမတို့ဘယ်လောက် ကာကွယ်နိုင်နေသလဲဆိုတာ၊ သူတို့ပဲ ဆုတ်ခွာရတာချည်းပဲလေ” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့နှင့် ၈ ရက်နေ့များတွင် ဟားခါးနှင့် ထန်တလန်ကြားရှိ သီတာနား စခန်းအနီး ဝန်းကျင်တွင် စစ်ကောင်စီတပ်များနှင့် ချင်းအမျိုးသားကာကွယ်ရေးတပ် ပူး‌ပေါင်းအဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်များအထိနာ၍ ဆုတ်ပြေးခဲ့ရသည့်အတွက် လေကြောင်းအသုံးပြု ဗုံးကြဲ တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်းနှင့် ဟားခါးမြို့ရှိ စစ်ကောင်စီတပ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ချင်းအမျိုးသားကာကွယ်ရေးတပ်များနှင့် ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်များ အထိနာ၍ ဆုတ်ခွာသွားခဲ့ကြောင်းနှင့် တိုက်ပွဲအပြီး ဇူလိုင်လ ၉ ရက်နေ့က နယ်မြေရှင်းလင်းရေးများ ပြုလုပ်စဉ် စစ်ကောင်စီတပ်သား သေဆုံးအလောင်း ၆ လောင်း တွေ့ရှိခဲ့ပြီး၊ သေနတ် ၄ လက်နှင့် လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here