ချင်းပြည်နယ်တောင်ပိုင်းတွင် စစ်ရှောင်ကာလ ကြာမြင့်ချိန် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ၂ လအတွင်း ၅၀၀ နီးပါးရှိလာ

0
130
ပုံစာ - ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားနေသူ ကလေးတစ်ဦး။

ချင်ပြည်နယ်အတွင်းရှိ ပြည်သူများ စစ်ရှောင်ကာလကြာမြင့်လာချိန် သန့်ရှင်းသောရေ မရရှိခြင်း၊ ယင်လုံအိမ်သာ မသုံးနိုင်ခြင်းစသည့် အကြောင်းရင်းများကြောင့် ဝမ်းပျက်ဝမ်းလျှောကူးစက်မှု ယခင်ကထက် ပိုမိုဖြစ်ပွားနေလို့ နီးစပ်ရာကျန်းမာရေးဝန်ထမ်းများဆီ စောလျင်စွာသတင်းပို့ရန် ကျန်းမာရေးအဖွဲ့က ပြောသည်။

ချင်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များတွင် လူကြီး၊ကလေး အရွယ်မရွေး ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာလဝမ်း သံသယရောဂါ ဖြစ်ပွားမှုများနေပြီး ၂ လနီးပါးအတွင်း ရောဂါဖြစ်ပွားသူ ၄၈၀ ကျော်ရှိကာ ၁ နှစ်အောက် ကလေးငယ် အပါအဝင် ၄ ဦး သေဆုံးပြီဟု ချင်းပြည်နယ်အတွင်းရှိ ကျန်းမာရေးအဖွဲ့အစည်းများထံမှ သိရသည်။

ပလက်ဝမြို့နယ်အတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသော ကလေးငယ်အများစုမှာ ကာကွယ်ဆေး မရရှိသော ၂ နှစ်အောက် ကလေးငယ်များဖြစ်ကြသည်ဟု ကျန်းမာရေးအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူဆရာမက ပြောသည်။

“အားလုံးက စစ်ရှောင်ကြတော့ သွားရင်းလာရင်း ရေစိမ်းပဲ သောက်ဖြစ်ကြတယ်။ နောက် ယင်လုံအိမ်သာတွေ မသုံးတာပေါ့နော်။ စစ်ရဲ့နောက်ဆက်တွဲ ဆိုးကျိုးလဲပါတယ်။ လူတွေကလဲ ကိုယ်ခံအားကျတာလဲ ပါတယ်ပေါ့နော်။ ဆိုတော့ ဒီနှစ်ကတော့ အရင်နှစ်တွေထက်ပိုဖြစ်တယ်” ဟု အဆိုပါဆရာမက ပြောသည်။

အဆိုပါ ကျန်းမာရေးအဖွဲ့အစည်း၏ သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလလယ်ပိုင်းမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီပထမပတ်အထိ မင်းတပ်မြို့နယ်အတွင်း ၁၄၃ ယောက်၊ မတူပီမြို့နယ်အတွင်း ၁၉၀ ယောက်၊ ကန်ပလက်မြို့နယ်အတွင်း ၂၄ ယောက်၊ ပလက်ဝမြို့နယ်အတွင်း ၁၂၄ ယောက် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွား နေကြောင်း သိရသည်။

ထို့အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ပလက်ဝမြို့နယ်တွင် ၁ နှစ်အောက်ကလေး ၂ ယောက်၊ မင်းတပ် မြို့နယ်တွင် ၁ နှစ်အောက်ကလေး ၁ ယောက်နှင့် လူကြီး ၁ ယောက် စုစုပေါင်း ၄ ယောက် သေဆုံးခဲ့ပြီး၊ အထူးသဖြင့် ၅ နှစ်အောက် ကလေးငယ်သေဆုံးမှု ပိုမိုဖြစ်ပွားနေကြောင်း ချင်းပြည်နယ်အတွင်း ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသောအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဖြစ်တာကတော့ လူကြီးရော၊ ကလေးရော ဖြစ်တယ်။ ၅ နှစ်အောက်ကလေး ဖြစ်ပွားနှုန်းက ပိုများတာပေါ့နော်။ အခု သေဆုံးတာတွေက အများဆုံး ကလေးတွေမှာ ဖြစ်တာပေါ့လေ။ သူတို့ကကျတော့ ဝမ်းလျှောပြီဆိုတာနဲ့ လူကြီးတွေလို ဓါတ်ဆားကို မသောက်သောက်အောင် လုပ်လို့မရဘူးပေါ့နော်။ drip ချိတ်ဖို့ဆိုလို့ရှိရင်လဲ ရွာတိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့လေ” ဟု ၎င်းကပြောသည်။

လက်ရှိ၌ ချင်းပြည်နယ်တောင်ပိုင်းဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေသော ကျေးရွာအများစုမှာ လူဝင်လူထွက် များပြီး လူဦးရေများပြားသော ကျေးရွာများ၊ ကားလမ်းမပေါ်ရှိ ကျေးရွာများတွင် ပိုမိုဖြစ်ပွားနေကြောင်း သိရသည်။

ချင်းကျန်းမာရေးအဖွဲ့အစည်းအနေဖြင့် ဓါတ်ဆားအပါအဝင် လိုအပ်သောဆေးများဖြင့် ချက်ချင်းကုသပေးခြင်း၊ သောက်ရေတွင် water purification tablets, chlorine ဆေးပြားများခတ်ခြင်း၊ သုံးပေးခြင်းများကို လုပ်ဆောင်ပေးနေသည်ဟု ဆိုသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားပါက ဓါတ်ဆားရေကို ချက်ချင်းတိုက်ရန်၊ နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းများထံ ကုသမှုရယူနိုင်ရေး ချက်ချင်းအကြောင်းကြားရန်၊ ယင်လုံအိမ်သာများအသုံးပြုရန် အလွန်အရေးကြီးပြီး အိမ်သာခွက်ကို အဖုံးဖုံးပေးခြင်း၊ အိမ်သာကျင်းကိုလည်း ယင်လုံအောင် ဖုံးပေးခြင်း၊ အိမ်သာတက်ပြီးတိုင်း အသုံးပြုသော tissue/ စက္ကူ/ တုတ်များကို အမှိုက်ပုံးထဲတွင် စနစ်တကျပစ်၍ အဖုံးဖုံးပြီးနောက် အမှိုက်များအား မီးရှို့ရန်၊ အိမ်သာတက်ပြီးတိုင်း (အပေါ့ အလေး သွားတိုင်း) နှင့် အစာမစားခင်နှင့် စားပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် သေချာစွာ ဆေးကြောရန်နှင့် အစားအစာများကို သန်ရှင်းစွာထားရန်၊ သောက်ရေကို filtration ဖြင့် သန့်စင်ပြီးဖြစ်သော်လည်း ကျိုချက်ပြီးမှ သောက်ရန်စသည့် အချက်များကို လိုက်နာသင့်ကြောင်း ချင်းပြည်နယ်အတွင်း ကျန်းမာရေးစောင့်လျှောက်မှုပေးနေသောအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ချင်းပြည်နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုပေးနေသော အဖွဲ့အနေဖြင့် မြေပြင်တွင် ပိုမိုထိရောက်သော ပြည်သူ့ကျန်းမာရေးစောင့်လျှောက်မှုများ ပေးနိုင်ရန် ပြည်သူလူထုနှင့် ဒေသအုပ်ချုပ်ရေးဘက်မှ တာဝန်ရှိသူ များ၏ ကူညီပံ့ပိုးမှုလည်း လိုအပ်ကြောင်း သိရသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here