27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းချင်းပြည်ကောင်စီတွင် ဒေသနှင့် မြို့နယ်ကိုယ်စားပြုပါဝင်မှု အပြောင်းအလဲပြုလုပ်

ချင်းပြည်ကောင်စီတွင် ဒေသနှင့် မြို့နယ်ကိုယ်စားပြုပါဝင်မှု အပြောင်းအလဲပြုလုပ်

ချင်းတော်လှန်ရေးအင်အားစုများ၏ စည်းလုံးညီညွတ်ရေးကိုလိုချင်သည့်အတွက် ချင်းပြည်တွင်အမြင့်ဆုံး နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သည့် ချင်းပြည်ကောင်စီ (CC) တွင် ချင်းအမျိုးသားတပ်ဦး – CNF က ကိုယ်စားလှယ်ပါဝင်မှုကို ထက်ဝက်နီးပါး လျော့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ချင်းလုံမြို့တွင် ဇွန် ၁၀ ရက်နှင့် ၁၁ ရက်တို့ကပြုလုပ်ခဲ့သည့် ချင်းပြည်ကောင်စီဦးဆောင်အဖွဲ့၏ အစည်းအဝေး၌ အစုအဖွဲ့ ၃ ခုမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၃) ကို ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်ဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုသည်။

ချင်းပြည်ကောင်စီ ဒုတိယဥက္ကဌ – ၂ Salai Bawi Kung “ ပုဒ်မ ၂၆ က အရင်တုန်းကကြည့်မယ်ဆိုရင် အစမှာ ဦးရေကို ၁၄၀ နဲ့ ကန့်သတ်လိုက်တယ်။ ကောင်စီဝင်ဦးရေ အားလုံးကို ၁၄၀ နဲ့ ကန့်သတ်လိုက်ပြီးတော့မှ လွှတ်တော်အမတ်တွေကို ၂၇ ယောက်၊ CNF EAO လည်း ၂၇ ယောက်၊ မြို့နယ်နဲ့ဒေသ ၈၆ ဆိုပြီး ကိန်းကို အရှင်မထားဘဲနဲ့ အသေထားလိုက်တာပေါ့နော်။ အဲတော့ ဒီနေရာမှာ CNF EAO တွေရဲ့ပါဝင်မှုက များလွန်းအားကြီးတယ်ဆိုပြီး ပြောကြပါတယ်” ဟု ပြောသည်။

ဆက်လက်ပြီး Salai Bawi Kung က “ဆိုတော့ အဲဒါကို လူပြောများလာတဲ့အခါကြတော့ ဒါဆိုရင် ပြင်ရမယ်ဆိုပြီးမှ EAO ဖြစ်တဲ့ CNF ကို ကျနော်တို့က ကောင်းကောင်းပြောတယ်။ ဘာပဲဖြစ်ဖြစ် ၁၅ ဦးအထိ လျော့ချလိုက်တာ ကောင်းတယ်ဆိုပြီးမှ ကျနော်တို့က ၂၇ ဦးကနေ ၁၅ ဦးကို လျော့ချတာဖြစ်တယ်။ ဒါက ချင်းပြည်ရဲ့ စည်းလုံးညီညွတ်ရေးကို လိုချင်တဲ့အတွက် ပြင်ဆင်ရခြင်းဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ယခင်ပြဌာန်းချက်တွင် ချင်းပြည်ကောင်စီကို ၂၀၂၀ ရွေးကောက်ပွဲ၌ ရွေးကောက်တင်မြှောက်ခြင်းခံရပြီး စစ်အာဏာရှင်တော်လှန်ရေးတွင် ပူးပေါင်းဆောင်ရွက်နေသော ချင်းလွတ်တော်ကိုယ်စားလှယ် ၂၇ ဦး၊ ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ် ၂၇ ဦး၊ မြို့နယ်နှင့်ဒေသအဖွဲ့ ကိုယ်စားလှယ် ၈၆ ဦး စသည့် စုစုပေါင်းကိုယ်စားလှယ် ၁၄၀ ဦးဖြင့် ဖွဲ့စည်းသည်ဟု ဆိုသည်။

ယခုပြင်ဆင်ချက်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခြင်းခံရပြီး စစ်အာဏာရှင်တော်လှန်ရေးတွင် ပူးပေါင်းဆောင်ရွက်နေသော ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) မှ ကိုယ်စားလှယ် ၁၅ ဦး၊ ဒေသသီးခြားမရှိသော မြို့နယ်တစ်ခုမှ ကိုယ်စားလှယ် ၈ ဦးစီ၊ ဒေသသီးခြားရှိသော မြို့နယ်တစ်ခုမှကိုယ်စားလှယ် ၅ ဦးစီနှင့် ဒေသတစ်ခုမှ ကိုယ်စားလှယ် ၃ ဦးစီတို့ဖြင့် ချင်းပြည်ကောင်စီကို ဖွဲ့စည်းသည်ဟု ဆိုသည်။

ချင်းပြည်ကောင်စီ (CC) ဖွဲ့စည်းမှုတွင် အစုအဖွဲ့ ၃ ခုပါဝင်ပြီး ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ်ပါဝင်မှုသည် များပြားသည်ဟု ချင်းအင်အားစုများအကြား ဝေဖန်မှုများရှိနေသည်။

တချို့ ချင်းအင်အားစုများက ချင်းအမျိုးသားတပ်ဦး၏ ချင်းပြည်ကောင်စီ၌ ပါဝင်မှုသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် စစ်တပ်၏ ၂၅ ရာခိုင်နှုန်းဖြင့် ဆင်တူနေသည်ဟု ဝေဖန်လျက်ရှိနေသည်။

ယခင် ချင်းပြည်ကောင်စီတွင် အစုအဖွဲ့ ၃ ခုမှ ကောင်စီဝင် ကိုယ်စားလှယ်စုစုပေါင်း ၁၄၀ တွင် ချင်းအမျိုးသားတပ်ဦး၏ ကိုယ်စားလှယ်ပါဝင်မှုသည် ၁၉ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

ချင်းပြည်ကောင်စီ ဒုတိယဥက္ကဌ – ၂ Salai Bawi Kung က “လွှတ်တော်အမတ်တွေကတော့ မလျော့ချထားဘူး။ ၂၇ ဦး ရှိရင် ၂၇ ဦးဖြစ်မယ်။ ၂၀ ဦးဆိုရင် ၂၀ ဦး သူတို့လာရမယ်။ တော်လှန်ရေးမှာပါဝင်တဲ့ ချင်းလွှတ်တော်အမတ်တွေကို ဆိုလိုတယ်။ ပြည်ထောင်စုလွှတ်တော်အမတ်ပဲဖြစ်ဖြစ်၊ ပြည်နယ်လွှတ်တော်အမတ်ပဲဖြစ်ဖြစ် အားလုံး အကြုံးဝင်ပါတယ်” ဟု ပြောသည်။

ပြင်ဆင်ပြဌာန်းလိုက်သော ချင်းလဲန်းဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆ မှ မြို့နယ်နှင့် ဒေသ သတ်မှတ်ချက်တွင် ၃ မျိုးခွဲလိုက်ကြောင်း၊ မြို့နယ်ကို ယခင်ရှိသော ၉ မြို့နယ်ကိုဆိုလိုပြီး ဒေသသည် တော်လှန်ရေးကာလတွင် အုပ်ချုပ်ရေးလည်ပတ်လာသည့် နယ်မြေကိုဆိုလိုသည်ဟု Salai Bawi Kung က ပြောပါသည်။

Salai Bawi Kung က “မြို့နယ်နဲ့ဒေသလို့ ပြောတဲ့အချိန်မှာ မြို့နယ်ကတော့ အရင်ရှိပြီးသာ ၉ မြို့နယ်ကို ဆိုလိုတယ်။ ဒေသကတော့ တော်လှန်ရေးကာလမှာ တော်လှန်ရေးနယ်မြေမှာ အုပ်ချုပ်ရေးလုပ်လာတဲ့နယ်မြေကို ဆိုလိုတယ်။ ဥပမာ နရိန်ဆိုရင် လောက်တူဒေသ၊ ရေဇွာဆိုရင် ဇိုတုန်ဒေသ၊ လိုင်လင်းပီမြို့ဆိုရင် မရာဒေသ ဆိုပြီးမှ ဒေသတွေကို ကိုယ်စားလှယ်တွေ ပေးထားတယ်။ အုပ်ချုပ်ရေး သီးသန့်လုပ်ထားတဲ့အတွက် ဒေသမရှိတဲ့ မြို့နယ်လို့ ကျနော်တို့သတ်မှတ်တာက လောလောဆယ်က ကန်ပက်လက်နဲ့ မင်းတပ်၊ ပလက်ဝ၊ အဲဒီ ၃ မြို့နယ် က ဒေသမရှိသေးတဲ့ မြို့နယ်လို့ခေါ်ရမှာပေါ့။ ဒေသရှိတဲ့မြို့နယ်ဆိုရင် ဥပမာပြောရရင် မတူပီမြို့နယ်က ဒေသ ရှိသွားပြီ။ ဥပမာ – ဇိုတုန်နဲ့ မရာနဲ့ဖြစ်သွားပြီး၊၊ ထန်တလန်ကလည်း ဒေသရှိသွားပြီး၊ ဇိုဖေ၊ မရာ၊ လောက်တူနဲ့။ ပြီးတော့ ဟားခါးဆိုရင်လည်း ဒေသရှိသွားပြီး ဆန်ထန်ဆိုပြီ။ အဲဒါမျိုးကို ဒေသရှိတဲ့မြို့နယ်လို့ခေါ်တယ်” ဟု ရှင်းပြပြောဆိုသည်။

ဆက်လက်ပြီး Salai Bawi Kung က “လူဦးရေကလည်း ကိုယ်စားလှယ်လွှတ်တဲ့နေရာမှာ ကိုယ်စားလှယ်ဦးရေကို ဒေသမရှိတဲ့ မြို့နယ်ဆိုပြီးမှ ကန်ပက်လက်၊ မင်းတပ်၊ ပလက်ဝလိုမျိုးက ၈ ဦး ကောင်စီဝင်ကိုယ်စားလှယ် စေလွှတ်ရမှာ ဖြစ်ပါတယ်။ ၈ ဦးထဲမှာ CDM လည်း ပါချင်ပါမယ်။ CSO နဲ့ နိုင်ငံရေးပါတီလည်း ပါချင်ပါမယ်။ ထိုနည်းတူပဲ ဒေသရှိတဲ့မြို့နယ်က မတူပီ၊ ဟားခါး၊ ထန်တလန်တို့က ၅ ဦးစီ လွှတ်ရမယ်လို့ဆိုလိုပါတယ်။ ဒေသတွေကတော့ ၃ ဦးစီဆိုပြီးမှ ကိုယ်စားလှယ်ကို အပြောင်းအလဲလုပ်ထားတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီကိုယ်စားလှယ်ဦးရေတွေက အပြောင်းအလဲရှိနိုင်တဲ့အတွက် ကိန်းသေမထားတော့ဘူး။ အဲဒါက ကြီးကြီးမားမား ပြုပြင်တဲ့အချက်လို့ ခေါ်ရမှာပေါ့” ဟု ပြောသည်။

ကလေး – ကဘော် – ဂန့်ဂေါ ဒေသတွင် စစ်ရေးလှုပ်ရှားသည့် CDF – KKG ကိုလည်း နောင်တချိန် ရည်ရွယ်ချက်ထား၍ လုပ်ဆောင်ရန်၊ မြို့နယ်နှင့်ဒေသ မရှိသည့်ပုံစံနှင့် သတ်မှတ်ပြီး ကိုယ်စားလှယ် ၈ ဦး ပေးထားသည်ဟု သိရသည်။

ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၃) ကို ပြင်ဆင်ချက်ကြောင့် ချင်းပြည်ကောင်စီတွင် ကောင်စီဝင်အားလုံးသည် ၁၁၄ ဦး ရှိနိုင်မည်ဖြစ်ပြီး မြို့နယ်နှင့်ဒေသအစုအဖွဲ့မှ ကိုယ်စားလှယ် ၈၄ ဦး၊ ၂၀၂၀ ရွေးကောက်ပွဲမှ ရွေးကောက်တင်မြှောက်ခြင်းခံရပြီး စစ်အာဏာရှင်တော်လှန်ရေးတွင် ပူးပေါင်းဆောင်ရွက်နေသော ချင်းလွတ်တော်ကိုယ်စားလှယ်များအားလုံးနှင့် ချင်းအမျိုးသားတပ်ဦး (CNF) အစုအဖွဲ့မှ ၁၅ ဦးတို့ဖြစ်သည်ဟု သိရသည်။

အခြားပြင်ဆင်ချက်တစ်ခုမှာ ချင်းပြည်ကောင်စီ ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းရာတွင် ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ် ၃ ဦး၊ ချင်းလွှတ်တော်မှ ကိုယ်စားလှယ် ၃ ဦး၊ မြို့နယ်နှင့်ဒေသအသီးသီးမှ ကိုယ်စားလှယ် ၁ ဦးစီတို့ဖြင့် ဖွဲ့စည်းသည်ဟူ၍ ပြင်ဆင်ပြဌာန်းခဲ့သည်။

ယင်းအပြင် ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၂၃) ၏ ပုဒ်မ ၂၅၊ ပုဒ်မ ၂၆၊ ပုဒ်မ ၂၇၊ ပုဒ်မ ၃၂ (င)၊ ပုဒ်မ ၃၂ (ဌ) (ဋ)၊ ပုဒ်မ ၃၂ (ဈ)၊ ပုဒ်မ ၃၆၊ ပုဒ်မ ၄၅၊ ပုဒ်မ ၄၈၊ ပုဒ်မ ၆၇၊ ပုဒ်မ ၆၈ (ခ)၊ ပုဒ်မ ၈၅ (ဈ) နှင့် ပုဒ်မ ၉၂ စသည်ဖြင့် ပုဒ်မ ၁၃ ခုကို ၂၀၂၅ ဇွန်လထဲတွင် ပြင်ဆင်၊ ပယ်ဖျယ်၊ ဖြည့်စွက်ချက်တို့ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ချင်းပြည်ကောင်စီ (CC) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ ပြန်လည်ပေါင်းစည်းနိုင်ရေးအတွက် ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေ (Chin National Constitution) မူကြမ်းရေးဆွဲနိုင်ရေးကို မူကြမ်းကော်မတီ ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု ချင်းညီနောင်အဖွဲ့ကလည်း ဇွန်လ ၁၈ ရက်က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာ၏ ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသည့် Advocacy Team နှင့်အတူ CC နှင့် ICNCC တို့၏ ကော်မတီဝင် ၂၇ ဦးစီဖြင့် ချင်းအမျိုးသားဖွဲ့စည်းပုံ အခြေခံဥပဒမူကြမ်း ရေးဆွဲနိုင်ရေး ဆောင်ရွက်မည်ဟု သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးမှုမှရရှိလာသော သဘောတူညီချက်ရလဒ်များကိုမူတည်ပြီး ချင်းအမျိုးသားကောင်စီ (CNC) ကို ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်သွာမည်ဖြစ်သည်။

ချင်းပြည်နယ်တွင် ချင်းပြည်ကောင်စီ (CC)၊ ချင်းပြည်အစိုးရနှင့် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCCC)၊ ချင်းညီနောင် (CB) ဟူ၍ ချင်းတော်လှန်ရေး ၂ ဖွဲ့ကွဲနေပြီး ပြန်လည်ပေါင်းစည်းရေးအတွက် ဆောင်ရွက်လျှက်ရှိကြသည်။

KMG ပေးပို့သည်။