စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပတ်မြို့ကို စစ်ကောင်စီတပ်ဖွဲ့က ပြန်လည်သိမ်းပိုက်နိုင်ရန် စစ်ကြောင်း ထိုးလာမူများရှိနေပြီး ကာကွယ်ရေးပူးပေါင်းတပ်ဘက်ကလည်း အသင့်အနေအထားမှာ ရှိနေကြသည် ဟု သိရသည်။
အင်အား ၂၀၀ ၀န်းကျင်ရှိ ခန့်မှန်းရသည့် စစ်ကောင်စီတပ်ဖွဲ့များသည် ခမ်းပတ်မြို့ဘက်သို့ ဦးတည် ချီတက်လာနေကြပြီး ယမန် (ဒီဇင်ဘာ ၄ ရက်) နေ့က စောဘွားရေရှင် ကျေးရွာအရှေ့၊ လက်ဆေးကန် ဘက်တွင် ရောက်ရှိလာပြီဟုသိရပြီး နှစ်ဘက်စောင့်ကြည့်အနေအထားဖြင့် အချိန်မရွေး ထိတွေ့တိုက်ပွဲ ဖြစ်လာနိုင်သည်ဟု ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO- Upper Chindwin Region တပ်မဟာ ၄၊ တပ်မဟာမှူးက ပြောသည်။
“ခမ်းပတ်မြို့နဲ့လည်း သိပ်ပြီးနီးတာမဟုတ်ဘူး၊ ခပ်လှမ်းလှမ်းမှာပဲ ရှိသေးတယ်။ ရွာလူတွေလည်း သိပ်ပြီးတော့ တောထဲမသွားဖို့လည်း တားထားတယ်။ အကုန်လုံး၊ မြို့ထဲမဝင်နိုင်အောင်တော့ ကာဖို့တော့ အစီအစဥ် ရှိတယ်။ သူတို့ မြို့နားကပ်ရင်တော့ ဘယ်ချိန်မဆို တိုက်ပွဲဖြစ်နိုင်တဲ့ အချိန်မှာတော့ရှိတယ်” ဟု CNO UCR က တပ်မဟာမူးက ပြောသည်။
ကလေး-တမူး ကားလမ်းမပေါ်တွင် တည်ရှိသော ခမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့ များက နိုဝင်ဘာလ ၇ ရက်က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အဓိကအရေးပါသော ကလေး-တမူး ကားလမ်းမပေါ်တွင် တည်ရှိသော ခမ်းပတ်မြို့သည် စစ်ရး၊ စီးပွာရေးအရ အချက်အချာကျသော မြို့ဖြစ်သောကြောင့် စစ်ကောင်စီက ပြန်လည်ထိန်းချုပ်ဖို့ ကြိုးစားလာခြင်း ဖြစ်နိုင်သည်ဟု သိရသည်။
ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့များ ခမ်းပတ်မြို့ဘက်သို့ စစ်ကြောင်းထိုးလာသည့်သတင်းကြောင့် ခမ်းပတ်မြို့ပေါ် ရပ်ကွက်တချို့နှင့် ကလေး-တမူး လမ်းမပေါ်တွင်ရှိသည့် နန်းခေါက်ခေါက်ကျေးရွာမှ ဒေသခံပြည်သူများသည် စစ်ဘေးတိမ်းရှောင်လာကြသူများလည်း ရှိသည်ဟု ခမ်းပတ်မြို့ခံအမျိုးသမီး တစ်ဦးက ပြောသည်။
“အခုက အဲ့သတင်းကြောင့် ဟိုပြေးဒီပြေး ဖြစ်နေကြတာ၊ အမှတ် (၁) ရပ်ကွက်က ၂၊ ၃ ဘက်ကို ပြေးကြတယ်၊ တချို့ကတော့ တောင်နဲ့နီးတဲ့ အမျိုးတွေစီ ညမှာ သွားအိပ်တယ်၊ မနက်ကြရင် အိမ်ပြန်လာတယ်” ဟု အဆိုပါခမ်းပတ်မြို့ခံ အမျိုးသမီးက ပြောပါသည်။
ခမ်းပတ်မြို့တွင် ရပ်ကွက်ကြီး ၅ ခု ရှိပြီး လူဦးရေ ၅၀၀၀ နီးပါးရှိကာ ချင်းလူမျိုးအများစုနေထိုင်သည့် မြို့လည်း ဖြစ်သည်။
KMG ပေးပို့သည်။