ကျွန်းစုတွင် စစ်ကူယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးသေဆုံး

0
134
Photo - မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂)

တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ် ဂျိုးတောင်ကျေးရွာအနီး၌ စစ်ကူလာသည့် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း (၂) ထံက သိရသည်။

ကျွန်းစုမြို့နယ် ဂျိုးတောင်ကျေးရွာ ခရစ်ယာန်ဘုရားကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီး ၂၀ ဝန်းကျင်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ဒရုန်းနှင့် ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့တိုက်ခိုက်နေချိန် မောင်းလှော်ကျေးရွာဘက်ကနေ စစ်ကူလာသည် စစ်ကောင်စီ၏ ကား ၂ စီးကိုလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက မင်းဂုတ်ကျေးရွာနှင့် ဂျိုးတောင်ကျေးရွာလမ်းပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းက ပြောဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကူလာသည့် စစ်ကောင်စီကား ၁ စီး ပျက်စီးသွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်း သေဆုံးခဲ့သလို ၁၅ ဦး နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်းအပြင် စက်တင်ဘာ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင်လည်း ဂျိုးတောင်ကျေးရွာနှင့် တဆက်တည်းဖြစ်သည့် ဝါရစ်ကျေးရွာဘက်ကို စစ်အင်အား ၇၀ ဝန်းကျင်နှင့် ခြေလျင်စစ်ကြောင်းတစ်ခု ရောက်ရှိလာပြီး လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ထိခိုက်ဒဏ်ရာရရှိသော စစ်ကောင်စီတပ်သားများကို ယင်းနေ့ညနေပိုင်းမှာပင် မောင်းလှော်ရွာဘက်ကို ကားတစ်စီးနှင့် ပြန်လည်သယ်ယူသွားသည်ဟု တော်လှန်ရေးအင်အားစုများ ပြောပြချက်အရ သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ကျွန်းစုမြို့နယ်ထဲက မင်းကုတ်ကျေးရွာနှင့် မော်လှော်ကျေးရွာဘက်ရှိ ၎င်းတို့တပ်စခန်းများသို့ အင်အားအများအပြားနှင့် ဝင်ရောက်လာပြီး တပ်အချိန်းအပြောင်း ပြုလုပ်နေသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်နေ့ကလည်း ကျွန်းစုမြို့နယ် မင်းခေါင်းဆေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here