29 ဇွန် 2025 /

See today's Peace Related News

Homeသတင်းကျောက်မဲမြို့ကို စစ်ကောင်စီတပ် ထပ်မံဗုံးကြဲ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ကျောက်မဲမြို့ကို စစ်ကောင်စီတပ် ထပ်မံဗုံးကြဲ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

သျှမ်းပြည်၊ ကျောက်မဲမြို့ကို ဒေသခံပြည်သူများ အိမ်မောကျချိန် ညည့်နက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ၁ ဦးသေဆုံး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇွန်လ ၂၇ ရက် နံနက်စောပိုင်း ၁၂ ခွဲကျော် အချိန်ခန့်တွင် ကျောက်မဲမြို့ ရပ်ကွက် ၇ ခုမြောက်ကုန်းရှိ ဆောက်လုပ်ရေးရုံးကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်မဲမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ညသံခေါင်ယံချိန်ကြီးဆိုတော့ ချက်ချင်းကြီး ဘယ်သူမှ မထွက်ကြည့်ရဲဘူး။ ဗုံးထပ်ကြဲမှာကိုလည်း စိုးရိမ်ကြတာ။ အမျိုးသမီးတစ်ဉီးနဲ့ အရပ်သားနှစ်ဉီး ထိခိုက်သွားတာ။ ထိတဲ့လူတွေကိုတော့ ဆေးရုံတင်ထားတယ်။ ဆောက်လုပ်ရေးရုံး အနီးအနားမှာလည်း နေတဲ့လူသိပ်မရှိလို့ တော်သေးတယ်” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။

စစ်ကောင်စီသည် နေပြည်တော်တွင် ‘ငြိမ်းချမ်းရေးဖိုရမ်’ ကျင်းပနေချိန် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA ) ထိန်းချုပ်သည့် နယ်မြေများကို လေကြောင်းဖြင့် နေ့စဉ်နဲ့အမျှ ဗုံးကြဲမှုများ ပြုလုပ်နေသည်။

‘ငြိမ်းချမ်းရေးဖိုရမ်’ ဇွန် ၂၅ ရက် အဖွင့်မိန့်ခွန်းတွင် အာဏာသိမ်းစစ်ခေါင်းဆောင်က တိုင်းရင်းသား လက်နက်ကိုင်များကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန်ဟု ပြောဆိုခဲ့သော်လည်း တဖက်တွင် TNLA ထိန်းချုပ်သည့် နယ်မြေများကို လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေသည်။

လက်ရှိတွင် TNLA ထိန်းချုပ်နယ်မြေအတွင်း နေထိုင်သည့် အရပ်သားများသည် စစ်ကောင်စီ၏ အချိန်မတော် လေကြောင်းဗုံးကြဲမှုကို စိုးရိမ်နေရကြောင်း၊ ထို့အပြင် ထွက်ပြေးတိမ်းရှောင်ရန်လည်း ခက်ခဲမှုများရှိနေကြောင်းလည်း ပြောဆိုကြသည်။

“ လေကြောင်းဗုံးကြဲမှုက ဘယ်ချိန်ဖြစ်မယ်ဆိုတာ မသိဘူး။ များသောအားဖြင့် ညမှဖြစ်တော့ ကျမတို့လည်း စိုးရိမ်နေရတာပေါ့။ တိုက်ပွဲပြန်ငြိမ်လို့ ပြန်လာတော့ထပ်ဖြစ် ဘယ်ကိုပြေးရမယ်မှန်းတောင် မသိတော့ဘူး” ဟု ကျောက်မဲမြို့ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်က ကျောက်မဲမြို့ပေါ်ရှိ လူစည်ကားရာနေရာဖြစ်သည့် စံပြထမင်းဆိုင်ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့သည်။

ယခုရက်ပိုင်း စစ်ကောင်စီက လေကြောင်းဖြင့် အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်သည့်နေရာများမှာ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်းတွင် TNLA ထိန်းချုပ်နိုင်ခဲ့သည့် မိုးကုတ်မြို့၊ ကျောက်မဲမြို့၊ နောင်ချိုမြို့နယ်တို့ ဖြစ်သည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။