5 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းကျောက်ဖြူတွင် တရုတ်လက်နက်ကိုင်ကြေးစားတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး Power China စက်ရုံတွင် အခြေချနေ

ကျောက်ဖြူတွင် တရုတ်လက်နက်ကိုင်ကြေးစားတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး Power China စက်ရုံတွင် အခြေချနေ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ တရုတ်စီမံကိန်းများကို လုံခြုံရေးပေးရန် တရုတ်လက်နက်ကိုင် ကြေးစားတပ်ဖွဲ့ ဝင် ၂၇ ဦး ရောက်ရှိနေပြီး အဆိုပါတပ်ဖွဲ့ဝင်များကို ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာရှိ Power China စက်ရုံတွင် အခြေချထားကြောင်း သိရသည်။

တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော လျှပ်စစ်ဖြန့်ဖြူးရေးစက်ရုံ (Power China) ကို ထိုကြေးစားလက်နက်ကိုင်များ ရောက်ရှိနေသည်မှာ ရက်ပေါင်း ၁၀ ကျော် ရှိပြီဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ကလည်း ယင်းစက်ရုံအတွင်း ဝင်/ထွက်သွားလာမှုများ ရှိနေသည်ဟု ဆိုသည်။

“သူတို့ကို စတွေ့ရတာကတော့ ဖေဖော်ဝါရီလဆန်းပိုင်းမှာပါ။ သူတို့ရောက်ပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ကား (စစ်ကား) တွေလည်း အဲဒီစက်ရုံကိုလာရောက်တာမျိုး တွေ့ရပါတယ်။ အပြင်ကို ခြေကျင်ထွက်လည်တာမျိုးတော့ မတွေ့ရဘူး။ ဒါပေမဲ့ ယူနီဖောင်းတွေဝတ်ပြီး မော်တော်ကားတွေနဲ့ အပြင်ကိုထွက်တာမျိုးတွေတော့ ရှိတယ်” ဟု ကျောက်ဖြူ၊ ဂုံးချွိန်ကျေးရွာသားတစ်ဦးက ပြောသည်။

Power China စက်ရုံအနီးတွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသည့် လျှပ်စစ်ဖြန့်ဖြူးရေးစက်ရုံ (V Power) နှင့် ဓာတ်ငွေ့သန့်စင်စက်ရုံ (OGT) တို့ ရှိသည်။

ထို့အပြင် ယင်းစက်ရုံများနှင့် ဆက်စပ်သည့် စက်ယန္တရားထားရှိရာနေရာများနှင့် အခြားသော အဆောက်အအုံများလည်း များစွာရှိကြောင်း သိရသည်။

အဆိုပါ စက်ရုံအဆောက်အအုံများကို ကျည်ကာမှန်များတပ်ဆင်ခြင်းနှင့် CCTV ကင်မရာများတပ်ဆင်ခြင်းအပါအဝင် လုံခြုံဆိုင်ရာများ စီမံမှုများကို ကြေးစားတပ်ဖွဲ့ဝင်များကပြုလုပ်နေပြီး ဒေသခံများ၏ ပြောကြားချက်အရ လက်နက်ကိုင်ဆောင်ထားခြင်းမျိုး မတွေ့ရဟုဆိုသည်။

“လက်နက်တွေကိုင်ပြီး သွားလာတာမျိုးတော့ ကျနော်တို့မတွေ့ရသေးဘူး။ ဒါပေမဲ့ စစ်သားတွေလိုမျိုး ယူနီဖောင်းကိုဝတ်ပြီး စက်ရုံကဝန်ထမ်းတွေကို စီစစ်တာတွေ၊ ပြီးတော့ စက်ရုံတွေကို လုံခြုံရေးစစ်ဆေးတာတွေမျိုးတော့ရှိတယ်” ဟု Power China စက်ရုံနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်တွင် တရုတ်နိုင်ငံက ရင်းနီးမြှုပ်နှံထားသော သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ရေနံပိုက်လိုင်း၊ မဒေးကျွန်း ရေနက်ဆိပ်ကမ်း၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး စသည့် စီမံကိန်းများအပြင် တရုတ်၏ ပိုးလမ်းမ စီမံကိန်း အစိတ်အပိုင်းဖြစ်သော ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) တည်ရှိရာလည်းဖြစ်သည်။

ကြေးစားတပ်ဖွဲ့ဝင်များ ကျောက်ဖြူကိုရောက်ရှိနေခြင်းမှာ တရုတ်၏စီမံကိန်းများကို ကာကွယ်ရန်ဟု သိရသော်လည်း အခြားတဖက်တွင် စစ်ကောင်စီနှင့်ပူးပေါင်းပြီး အာရက္ခတပ်တော် (AA) အပေါ် စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှုများ ရှိလာနိုင်မလားဆိုသည်နှင့်ပတ်သက်၍လည်း ဒေသခံများကြား ဝေဖန်မှုများရှိနေသည်။

“စီမံကိန်းတွေကို အကာအကွယ်ပေးဖို့အတွက် ရောက်လာတာမျိုးဆိုရင်တော့ ပြသနာမရှိဘူး။ ဒါပေမဲ့ စစ်ကောင်စီကို ပံ့ပိုးတာမျိုး လုပ်လာခဲ့မယ်ဆိုရင်တော့ AA အတွက်ရော ရခိုင်ပြည်သူတွေအတွက်ပါ ဒီတိုက်ပွဲက ရှုပ်ထွေးမှုတွေ ရှိလာနိုင်တယ်” ဟု ကျောက်ဖြူမြို့ခံလူငယ်တစ်ဦးက ပြောသည်။

လက်ရှိ၌ ကျောက်ဖြူအခြေစိုက် စစ်ကောင်စီ၏ အကြီးဆုံးရေတပ်တစ်ခုဖြစ်သည့် ဓညဝတီရေတပ်ဌာနချုပ်အနီးတွင် စစ်ကောင်စီနှင့် AA တို့အကြား ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားလျက် ရှိသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်နေသဖြင့် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အာရက္ခတပ်တော်က စစ်ကောင်စီ၏ စခန်းကုန်းအချို့ကို သိမ်းပိုက်ရရှိထားသည်။

အောင်ထိန် (DMG) ပေးပို့သည်။