ကျောက်တော်ဖြစ်စဉ်ဟုဆိုကာ စစ်ကောင်စီလော်ဘီများက လူမှုကွန်ရက်တွင် သတင်းအမှားများဖြန့်နေ

0
475
ပုံစာ - လူမှုကွန်ရက်တွင် စစ်လော်ဘီများဖြန့်ဝေနေသည့် သတင်းအမှားဓါတ်ပုံတစ်ပုံ။ (Photo- Social Media)

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ကုလားတန်မြစ်အတွင်း ရက္ခိုင့်တပ်တော်က တိုက်ခိုက်၍ Navy စစ်သင်္ဘော ၃ စီး နစ်မြုပ်သွားခဲ့ရာတွင် အဆိုပါနေဗီပေါ်တွင် လိုက်ပါလာသူများ ရေကူး၍ကမ်းပေါ်သို့ ထွက်ပြေးလာစဉ် ရခိုင်ကျေးရွာသားများက ကမ်းပေါ်မှနေ၍ ဓားဖြင့်ခုတ်သတ်သည်ဟုဆိုပြီး လူမှုကွန်ရက်တွင် စစ်လော်ဘီများ က သတင်းအမှားများ ဖြန့်လာနေသည်ကို တွေ့ရသည်။

စစ်ကောင်စီလော်ဘီများက ၂၀၁၇ ခုနှစ် မောင်တောဖြစ်စဉ်နှင့် နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး ကလေးငယ်များ သေဆုံးခဲ့ရသည့် ဓာတ်ပုံများအား ကျောက်တော်ဖြစ်စဉ် ရခိုင်ရွာသားများ ဓားဖြင့်ခုတ်သတ်ခဲ့သဖြင့် လူပေါင်း ၇၀၀ သေဆုံးသွားသည်ဟုဆိုကာ သတင်းအမှားများဖြန့်ဝေ၍ လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေသည်။

ကျောက်တော်မြို့ အပေါက်၀ကျေးရွာခံ လူကြီးတစ်ဦးက “ကုလားတန်မြစ် ကမ်းနဘေးကရွာတွေမှာ အဲဒီတိုက်ပွဲ မဖြစ်ခင်ကတည်းက လူတစ်ယောက်မှ မရှိတော့ဘူး။ ဒီလောက် လေယာဉ်နဲ့ ဗုံးကြဲတာ၊ နေဗီက ပစ်တာ ဘယ်သူနေရဲမလဲ။ ရွာသားတွေ ထွက်ပြေးနေတာကြာပြီ။ ဘယ်ရခိုင်ရွာသားမှ မခုတ်ဘူး။ ဒါက သက်သက် ကျနော်တို့ရခိုင်လူမျိုးကို တမင်နာမည်ဆိုးအောင် လုပ်တာပါ” ဟု ပြောသည်။

ရခိုင်ကျေးရွာသားများမှာ စစ်ကောင်စီတပ်က လေယာဉ်များဖြင့် ဗုံးကြဲခြင်း၊ နေဗီများက ကုလားတန် မြစ်ကြောင်းတလျှောက် အသွားအပြန် လက်နက်ကြီးများဖြင့် ပစ်ခတ်လို့ သေဆုံးခဲ့ရသလို ဒဏ်ရာရသူလည်း များစွာရှိနေသည့်အပြင် နေအိမ်များလည်း မီးလောင်ခဲ့ရသည်ဟု ၎င်းက ပြောဆိုသည်။
အခုလို ဘက်ပေါင်းစုံ အခက်အခဲဒုက္ခ ကြုံတွေ့နေရချိန်တွင် တခါထပ်ပြီး ရခိုင်ကျေးရွာသားများအား လူသတ်သမားများဟု ထပ်မံစွပ်စွဲ၍ နာမည်ဖျက်နေကြခြင်းအပေါ် များစွာစိတ်မကောင်းကြောင်း အဆိုပါ အပေါက်၀ကျေးရွာခံ လူကြီးတစ်ဦးက ပြောပါသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျောက်တော်မြို့နယ် ကုလားတန်မြစ်အတွင်း ရက္ခိုင့်တပ်တော်မှ တိုက်ခိုက်၍ Navy စစ်သင်္ဘော ၃ စင်း နစ်မြုပ်သွားခဲ့ခြင်း ဖြစ်သည်။

စစ်လော်ဘီများသည် ၂၀၁၇ ဩဂုတ်လအတွင်းက မောင်တော- ဘူးသီးတောင် အကြမ်းဖက်မှု ဖြစ်စဉ်အတွင်း တောင်ဘဇားမှ စစ်တပ်မိသားစုများ ပြောင်းရွှေ့နေသည့် ဓာတ်ပုံများကို သေဆုံးရာတွင် ပါဝင်သွားသည့် ကျောက်တော်တပ်မက မိသားစုများ၏ပုံများဟုဆိုကာ ဓာတ်ပုံများဖြင့် သတင်းမှားများကို လူမှုကွန်ရက်တွင် ဖြန့်ဝေလျက် ရှိနေသည်။

ထိုသို့ စစ်လော်ဘီများက သတင်းမှားများ ဖြန့်ဝေနေခြင်းမှာ ဘာသာရေးနှင့် အဓိကရုဏ်းဖြစ်အောင် ဖန်တီး၍ မရရာမှ လူမျိုးရေးဘက်သို့လှည့်၍ အဓိဂရုဏ်းဖြစ်အောင် ပြုလုပ်လာခြင်း ဖြစ်သည်ဟုလည်း ဝေဖန် သုံးသပ်မှုများ ရှိနေသည်။

Photo – Social Media

စစ်ကောင်စီသည် ပုံဟောင်းများကိုအသုံးပြု၍ သတင်းမှားများ လူမှုကွန်ရက်စာမျက်နှာများတွင် ဖြန့်ဝေ နေသလို၊ ဗမာဘုရင်များ နန်းစိုက်ခဲ့ရာ မန္တလေးမြို့တွင်လည်း “ရခိုင်ဆိုင်တွေမှန်သမျှ မန္တလေးမြို့ပေါ်က ထွက်သွား” ” ပြည်သူတွေအနေနဲ့ မန္တလေးမြို့ပေါ်က ရခိုင်စားသောက်ဆိုင်နှင့် အရောင်းဆိုင်တွေကို သွားရောက်ဝယ်ယူခြင်းမပြုရန် သတိပေးတားမြစ်လိုက်သည်” စသဖြင့် ဓာတ်တိုင်များတွင် လိုက်ကပ်ထား သည်ကို တွေ့ရသည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်မှ မြို့ခံတစ်ဦးက အဆိုပါစာမျာသည် စစ်ကောင်စီ လော်ဘီတချို့က ဖြန့်ဝေခြင်းဖြစ်ပြီး မန္တလေးမြို့သူမြို့သားများ၏ သဘောဆန္ဒမဟုတ်သလို လုံးဝမသက်ဆိုင်ကြောင်း အခုလို ပြောသည်။

“စစ်ကောင်စီက အရင်လို ပြည်သူကို ပုံမှားရိုက်ချင်ပေမယ့် ပြည်သူတွေ မအကြတော့ဘူး။ သူတို့ ဘက်တော်သားတွေကိုတော့ ကျနော် မပြောတတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် အဲ့ဒီလူတစ်စုလောက်ပါပဲ။ အခုအချိန် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ကာလဖြစ်တယ်။ တိုင်းရင်းသား တွေနဲ့ အတူ ဗမာတွေလည်း အတူတူပဲ။ ရခိုင်ရဲ့ အောင်မြင်မှုတွေကို ကျနော်တို့ထပ်တူဝမ်းသာပါတယ်” ဟု ၎င်းက ပြောသည်။

ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခကလည်း “ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းဖြစ်အောင် လုပ်ဆောင် နေတာတွေ အများကြီးရှိတယ်။ ဒီရက်ပိုင်းမှာတော့ စစ်ကောင်စီလော်ဘီတွေက သတင်းမှားတွေလည်း အများကြီးတွေ့ရတယ်” ဟု ပြောသည်။

ထိုအခြေအနေများကြောင့် ပြည်သူများ သတိထားရန်လိုအပ်ပြီး လိုအပ်လာပါက ULA/AA က စာထုတ်ပြန် သွားမည်ဟု ၎င်းက ဆိုသည်။

ရက္ခိုင့်တပ်တော်ကလည်း အဆိုပါဖြစ်စဉ်၌ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသောသူ များစွာတို့အား မိမိတို့မှ ကယ်တင်ထားနိုင်ခဲ့ကြောင်း၊ ဤကဲ့သို့ ကယ်တင်ရာတွင် အာရက္ခစစ်သည် ၁ ဦး အသက်ဆုံးရှုံး ခဲ့ရကြောင်း ထုတ်ပြန်ဖော်ပြထားသည်။

ရခိုင်ပြည်၊ ကျောက်တော်မြို့ ၊ ကုလားတန်မြစ်တွင်း ရေကြောင်းတိုက်ပွဲတွင် နစ်မြုပ်သွားခဲ့သည့် စစ်ကောင်စီ Navy နေဗီ ၃ စီးပေါ်မှ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသူများစွာတို့အား ရက္ခိုင့်တပ်တော်မှ ကယ်တင်ထားကြောင်း AA က ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here