ကျိုက်ထိုမြို့၊ ပိန္နဲကုန်းရွာအနီး တိုက်ပွဲဖြစ်ပွားပြီး ပူးပေါင်းတပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

0
215
Photo – Social Media

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအနီးကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဇွန်လ ၂၀ ရက်နေ့က နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် ပူးပေါင်းတပ်ဖွဲ့ဝင် ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်၍ သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ (၁) တပ်ရင်း  (၃) နယ်မြေရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီက ပြီးခဲ့သည့် အပတ်မှ လက်ရှိအချိန်ထိ စစ်ကြောင်းထိုး ဝင်ရောက်လာရာ ပိန္နဲကုန်းရွာအနီးတွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် CDM ပြုလုပ်ထားသူ ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးနှင့် နောက်ထပ်တစ်ဦးကို လက်နက်နှင့် တကွ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားပြီးမှ သတ်ဖြတ်ခဲ့သည့်အပြင်၊ စစ်ကောင်စီ၏ ဖမ်းဆီးမှုခံရပြီး လွတ်မြောက်ခြင်း ရှိမရှိ မသေချာသေးသည့် ဒေသခံတချို့လည်းရှိသည်ဟု ရွာခံအမျိုးသမီးတစ်ဦးက ပြောသည်။

“ပိန္နဲကုန်းဘက်ကို ဗြုန်းစားကြီးဝင်လာတာ နှစ်ယောက်ဖမ်းခံရတယ်။ ဖမ်းခံရတဲ့အထဲမှာ ရဲ CDM လေး တစ်ယောက် ပါတယ်။ သေနတ်တစ်လက်နဲ့ ပစ္စတိုတစ်လက်လည်း ပါသွားတယ်။ တစ်ယောက်ကတော့ လည်ပင်းလှီးပြီး သတ်ခံလိုက်ရတယ်။ ကွေ့ကြီးဘက်မှာလည်း ၁၄၊ ၁၅ နှစ် လူငယ်နှစ်ယောက်ကို ဖမ်းသွားတာ ပြန်လွတ် မလွတ်မသိရသေးဘူး” ဟု အဆိုပါအမျိုးသမီးက ဆိုသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် လှုမှုကွန်ရက်စာမျက်နှာတချို့တွင် စစ်ကောင်စီမှ နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဥ် KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ပူးပေါင်းတပ်ဘက်မှ အထိနာခဲ့ပြီး လက်နက်ခဲယမ်းများအပြင် ပူးပေါင်းတပ်ဖွဲ့ဝင် (၂) ဦး သေဆုံးခဲ့သည်ဟု ပုံနှင့်တကွ ဖော်ပြထားသည်။

တပတ်ကျော်ကြာ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကြောင့် ပိန္နဲကုန်း၊ အင်္ဂဘို၊ မဲရုံလေး အစရှိသည့် ကျေးရွာမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် နေအိမ်သို့ မပြန်ရဲကြကြောင်း သိရသည်။

နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးက “ဒီဘက်တွေကို စစ်ကြောင်းထိုးနေတာ တစ်ပတ်ကျော်နေပြီ။ ရွာသားတွေကတော့ လွတ်တဲ့နေရာ ပြေးကြတာပေါ့။ ပိန္နဲကုန်း၊ အင်္ဂဘို၊ မဲရုံလေးဘက် စစ်တပ်က ဆင်းလိုက် တက်လိုက် လုပ်နေတာ။ အခုလည်း လက်နက်ကြီးနဲ့ ရွာတွေဘက်ကိုပစ်တယ်။ စစ်ကြောင်းလည်း ပြန်မထွက် သေးဘူး။ အင်္ဂဘိုမှာရော ပိန္နဲကုန်းမှာရော တစ်ဖွဲ့စီ ရှိသေးတယ်လို့ကြားတယ်” ဟု  ပြောသည်။

ယခု ဇွန်လဆန်းပိုင်းတွင် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်က ကျိုက်ထိုနှင့် သထုံမြို့နယ်ရှိ ကျေးရွာများ ဘက်သို့ လက်နက်ကြီးနှင့် ပစ်ခတ်သည့်အပြင် လေကြောင်းမှနေ၍လည်း တိုက်ခိုက်သည့်အတွက် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံပိုင်နေအိမ်နှင့် သာသနာတော်ပိုင် အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရကြောင်းလည်း KNU ဗဟို၏ ဇွန်လ (၆) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

KIC ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here